သက်တံ့
၂၈. ၄. ၂၀၂၆
ဥရောပသမဂ္ဂ (EU) သည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို နောက်ထပ်တစ်နှစ် ထပ်မံသက်တမ်းတိုးလိုက်ကြောင်း တနင်္လာနေ့ (ဧပြီ ၂၇ ရက်) တွင် ကြေညာခဲ့သည်။
ဥရောပသမဂ္ဂကောင်စီ၏ ထုတ်ပြန်ချက်အရ နှစ်စဉ်ပြုလုပ်မြဲဖြစ်သော ပိတ်ဆို့အရေးယူမှုဆိုင်ရာ ပြန်လည်သုံးသပ်ချက်ကို လုပ်ဆောင်ပြီးနောက် အဆိုပါ ကန့်သတ်ပိတ်ဆို့မှုများကို ၂၀၂၇ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ယခုပိတ်ဆို့အရေးယူမှုများသည် မြန်မာ့တပ်မတော်ခေါင်းဆောင်ပိုင်းနှင့် ဆက်နွှယ်နေသည့် လူပုဂ္ဂိုလ် ၁၀၅ ဦးနှင့် အဖွဲ့အစည်း ၂၂ ခုကို ပစ်မှတ်ထားခြင်းဖြစ်သည်။ စာရင်းသွင်းခံရသူများသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများ ထိန်းသိမ်းခံရမည်ဖြစ်ပြီး ရန်ပုံငွေနှင့် စီးပွားရေးအရင်းအမြစ်များ ရယူသုံးစွဲခွင့်ကို ပိတ်ပင်ထားကာ လူပုဂ္ဂိုလ်များအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများအတွင်းသို့ ခရီးသွားလာခွင့်ကိုလည်း ပိတ်ပင်ထားသည်။
ထို့အပြင် အီးယူအုပ်စုအနေဖြင့် လက်နက်ခဲယမ်း တင်ပို့မှု ပိတ်ပင်ခြင်း၊ ပြည်တွင်းရေးပဋိပက္ခများတွင် အသုံးပြုနိုင်သည့် စက်ပစ္စည်းကိရိယာများ တင်ပို့မှုကို တားမြစ်ခြင်းနှင့် တပ်မတော်ဟု သိကြသည့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ရေးလေ့ကျင့်မှု သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်းကိုလည်း ဆက်လက်ပိတ်ပင်ထားဆဲဖြစ်သည်။
Ref : AA
