သက်တံ့
၂၈. ၄. ၂၀၂၆
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ထောင်ဒဏ်တစ်နှစ်၏ သုံးပုံနှစ်ပုံဖြစ်သော ၂၄၄ ရက်ကို ကျခံအပြီး လာမည့် မေလ ၁၁ ရက်တွင် ထောင်ဒဏ်လျှော့ရက်ဖြင့် လွတ်မြောက်ရန် အခြေအနေကိုက်ညီကြောင်း အကျဉ်းဦးစီးဌာနက ထုတ်ပြန်လိုက်သည်။
အကျဉ်းဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြစ်ဒဏ်လျှော့ပေါ့ခံရပြီး လွတ်မြောက်ရန် သတ်မှတ်ချက်အားလုံးနှင့် ပြည့်စုံကြောင်း ရှင်းလင်းပြောကြားထားသည်။ ၎င်းကျခံနေရသည့် တစ်နှစ်ထောင်ဒဏ်၏ သုံးပုံနှစ်ပုံဖြစ်သော ၂၄၄ ရက်သည် မေလ ၁၀ ရက်တွင် ပြည့်မြောက်မည်ဖြစ်သဖြင့် မေလ ၁၁ ရက်တွင် စတင်လွတ်မြောက်ခွင့် ရရှိမည်ဖြစ်သည်။
တရားလွှတ်တော်ချုပ်၏ အမိန့်အရ သက်ဆင်သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်မှ စတင်ကာ ထောင်ဒဏ်တစ်နှစ် ကျခံခဲ့ရခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင် ပြစ်ဒဏ်စေ့မည်ဖြစ်သည်။
ယခုကဲ့သို့ ပြစ်ဒဏ်လျှော့ပေါ့ခွင့်ရရှိခြင်းမှာ ၂၀၁၇ ခုနှစ်၊ အကျဉ်းထောင်အက်ဥပဒေ ပုဒ်မ ၅၂(၇) နှင့် ၂၀၁၉ ခုနှစ်တွင် ကြေညာကာ ၂၀၂၁ ခုနှစ်တွင် ပြင်ဆင်ခဲ့သည့် တရားရေးဝန်ကြီးဌာန၏ ပြစ်ဒဏ်လျှော့ပေါ့ခြင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ညွှန်ကြားချက်များနှင့် ကိုက်ညီနေခြင်းကြောင့် ဖြစ်သည်။ ၎င်းအား လွှတ်ပေးရန်ကိစ္စကို ပြစ်ဒဏ်လျှော့ပေါ့ခွင့်ဆိုင်ရာ ကော်မတီက ဥပဒေနှင့်အညီ စိစစ်အတည်ပြုခဲ့ပြီး ဖြစ်သည်ဟုလည်း ဆိုသည်။
ပြစ်ဒဏ်ကျခံရက် တွက်ချက်ရာတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁ အရ ထောင်ဒဏ်စတင်ကျခံရသည့် ပထမဆုံးနေ့ကို နာရီမပြည့်သော်လည်း တစ်ရက်အဖြစ် သတ်မှတ်ပြီး တစ်လလျှင် ရက် ၃၀ နှုန်းဖြင့် တွက်ချက်ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်မှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်အထိ ကာလကို စုစုပေါင်း ၁၂ လနှင့် ၅ ရက်အဖြစ် တွက်ချက်ထားသည်။
အဆိုပါကာလ၏ သုံးပုံနှစ်ပုံမှာ ၈ လနှင့် ၄ ရက် (သို့မဟုတ် ၂၄၄ ရက်) ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်တွင် ပြည့်မြောက်မည်ဖြစ်သည်။ ထို့ကြောင့် မေလ ၁၁ ရက်တွင် သက်ဆင်သည် ကလောင်ပရမ် ဗဟိုအကျဉ်းထောင်မှ လွတ်မြောက်မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနက အကျဉ်းချုပ် ဖော်ပြထားသည်။
ပြည်ပတွင် နှစ်ပေါင်းများစွာ တိမ်းရှောင်နေခဲ့သည့် သက်ဆင်သည် ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပြန်လာချိန် ဝန်ကြီးချုပ်ဘဝ အဂတိလိုက်စားမှုနှင့် အာဏာအလွဲ သုံးစားမှုတို့ဖြင့် ချက်ခြင်းတရားစွဲဆိုခံခဲ့ရကာ ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခံခဲ့ရသော်လည်း ထိုင်းဘုရင်၏ ငဲ့ညှာမှုအရ ထောင်ဒဏ်တစ်နှစ်သာ ကျခံခဲ့ရသည်။ ထိုထောင်ဒဏ်တစ်နှစ်ကို သက်ဆင်က ဆေးရုံတွင် ကုန်လွန်ခဲ့သဖြင့် ထိုရှောင်တိမ်းခဲ့သောကာလကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် တစ်နှစ် ပြန်လည် အပြစ်ပေးခဲ့ခြင်းဖြစ်သည်။
Ref : The Nation Thailand
