◾️ ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်းနှင့် နိုင်ငံဖြတ်သန်းကုန်သွယ်မှု ဝန်ဆောင်မှုများပေးနိုင်ရန် ဆိပ်ကမ်းတံတားများ ဆက်လက်တိုးချဲ့တည်ဆောက်ရန်လိုအပ်နေ
◾️ စက်သုံးဆီတံတားများနှင့် သိုလှောင်ကန်များကို မြေနေရာချထားပေးပြီးဖြစ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ဆက်လက်ရင်းနှီးမြှုပ်နှံ တည်ဆောက်လုပ်ကိုင်ကြရန် ပြည်ထောင်စုဝန်ကြီး ပြောကြား
၂၈. ၄. ၂၀၂၆
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းဧရိယာရှိ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (Build-Oper-ate-Transfer, BOT) စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ခေတ်မီသိုလှောင်ရုံ စီမံကိန်းလုပ်ငန်းခွင်သို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ခေတ်မီသိုလှောင်ရုံ လေးလုံးအနက်ပေ (၅၅၀x ၁၅၀ x၃၄) အရွယ်ရှိ တန်ချိန် ၂၅,၀၀၀ သိုလှောင်နိုင်သည့် သိုလှောင်ရုံတစ်လုံးကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Myanma Agricultural & General Development Public Limited (MAGDPL) တို့မှ သီလဝါဆိပ်ကမ်းဧရိယာ အကွက်အမှတ် (၂၉) တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။
BOT ဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများက လက်ရှိဆိပ်ကမ်းဝန်ဆောင်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် တည်ဆောက်ရန်ကျန်ရှိသည့် BOT ဆိပ်ကမ်းတံတားများမှ ၎င်းတို့အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့သည်။
ယင်းကဲ့သို့ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အဆိုပါသိုလှောင်ရုံစီမံကိန်းအား အချိန်မီပြီးစီး၍ ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်ကြရန်နှင့် နိုင်ငံ၏ အဓိကလယ်ယာထွက်ပို့ကုန်များကို ခေတ်မီနည်းစနစ်များဖြင့် သိုလှောင်တင်ပို့နိုင်ရေးအတွက် စီမံထားသည့်အတိုင်း အပိုင်းလိုက်ဆက်လက်တည်ဆောက်သွားကြရန် ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
မြန်မာနိုင်ငံ၏ နှစ်စဉ်ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုတန်ဖိုးသည် နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ ပျမ်းမျှ ၇၀ ရာနှုန်းရှိသဖြင့် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှု၏ အဓိကဝင်/ထွက်ပေါက်ဖြစ်သော ရန်ကုန်နှင့် သီလဝါဧရိယာရှိ ဆိပ်ကမ်းတံတားများအပါအဝင် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတစ်ခုလုံး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုကို အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ရန်ကုန်ဆိပ်ကမ်း၏ ကုန်ကိုင်တွယ်ရရှိမှုပမာဏကို မြှင့်တင်နိုင်ရန် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းအပြင် နိုင်ငံ၏ မဟာဗျူဟာမြောက် ပထဝီဝင်အနေအထားကို အကျိုးရှိစွာအသုံးချပြီး အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါ သယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ် ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ကြောင့် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Trans-shipment) ဝန်ဆောင်မှုနှင့် နိုင်ငံဖြတ်သန်းကုန်သွယ်မှု (Transit Trade) ဝန်ဆောင်မှုများကို ပေးနိုင်ရန် အဆင်သင့်ဖြစ်မှုအတွက် ဆိပ်ကမ်းတံတားများကို ဆက်လက်တိုးချဲ့တည်ဆောက်လုပ်ကိုင်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
နိုင်ငံ၏ စွမ်းအင်လုံခြုံမှုအတွက်လည်း စက်သုံးဆီတံတားများနှင့် သိုလှောင်ကန်များကို မြေနေရာချထားပေးပြီးဖြစ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ဆက်လက်ရင်းနှီးမြှုပ်နှံ တည်ဆောက်လုပ်ကိုင်ကြရန်၊ ဆိပ်ကမ်းလုပ်ငန်းစွမ်းဆောင်မှုကို မြှင့်တင်နိုင်ရေးအတွက် ဒီဂျစ်တယ်စနစ်ဖြင့် အသွင်ကူးပြောင်းဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
