၂၈.၄.၂၀၂၆
Translated by Htwe Ko Tun
ဗြိတိန် (ယူနိုက်တက်ကင်းဒမ်း) နိုင်ငံမှာ အသက် ၁၆ နှစ်အောက်လူငယ်တွေအတွက် လူမှုမီဒီယာသုံးစွဲမှုအပေါ် ကန့်သတ်ချက်တွေ ပြုလုပ်သွားမယ်လို့ ပညာရေးဝန်ကြီး မစ္စ အိုလီဗီယာ ဘေလီက အောက်လွှတ်တော်မှာ ဧပြီ ၂၇ ရက်က ပြောကြားခဲ့ပါတယ်။
ဗြိတိန်မှာ ကွန်ဆာဗေးတစ်တွေက အသက် ၁၆ နှစ်အောက်လူငယ်တွေကို လူမှုမီဒီယာ အသုံးပြုခွင့်ပိတ်ပင်ဖို့ လပေါင်းများစွာ တောင်းဆိုနေခဲ့တာဖြစ်ပြီး အစိုးရအနေနဲ့ တစ်စုံတစ်ရာ မလုပ်ဆောင်ခင် အများပြည်သူတိုင်ပင်ဆွေးနွေးမှုပြုလုပ်ဖို့ အကြောင်းပြနေပြီး လုပ်ဆောင်မှု နှေးကွေးနေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
အောက်လွှတ်တော်က လုံးဝပိတ်ပင်မှုကို စတုတ္ထအကြိမ်မြောက် ထောက်ခံပြီးနောက် အိုလီဗီယာ ဘေလီက အသက် ဒါမှမဟုတ် လုပ်ဆောင်နိုင်စွမ်းကန့်သတ်ချက်တစ်ခုခုကို ပြဋ္ဌာန်းမယ်လို့ ပြောကြားခဲ့တာပါ။
အောက်လွှတ်တော်အမတ်တွေက အထက်လွှတ်တော်အမတ်တွေ အဆိုပြုထားတဲ့ လူမှုမီဒီယာပိတ်ပင်မှုကို သုံးကြိမ်တိုင်တိုင် ပယ်ဖျက်ခဲ့ပြီးဖြစ်ပြီး အစိုးရရဲ့ တိုင်ပင်ဆွေးနွေးမှုကို ဦးစွာအဆုံးသတ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။
နောက်ဆုံးမဲပေးမှုအပြီးမှာ မစ္စ ဘေလီနဲ့ ဝန်ကြီးတွေက တိုင်ပင်ဆွေးနွေးမှုပြီးဆုံးသွားတာနဲ့ အစိုးရက အလျင်အမြန်လုပ်ဆောင်ဖို့ အရေးကြီးတယ်ဆိုတာနဲ့ ပတ်သက်လို့ လွှတ်တော်နှစ်ရပ်လုံးမှ ထွက်ပေါ် လာတဲ့ စိုးရိမ်မှုတွေကို ဂရုတစိုက်နားထောင်ခဲ့ကြတယ်လို့ အောက်လွှတ်တော်ကို ပြောခဲ့ပါတယ်။
သူမက ထပ်လောင်းပြောကြားရာမှာ အစိုးရက ဘယ်လို လုပ်ဆောင်မယ်ဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ် ဖြေကြားခဲ့တာဖြစ်ပြီး ဒီအတွက် သံသယဖြစ်စရာမလိုဘူးလို့ဆိုခဲ့ပါတယ်။
ကွန်ဆာဗေးတစ်တွေက လူမှုမီဒီယာ အသုံးပြုခွင့်ကို လူငယ်တွေအတွက်ပိတ်ပင်ဖို့ လပေါင်းများစွာ တောင်းဆိုနေခဲ့တာပါ။ ပြင်သစ်နဲ့ စပိန်အပါအဝင် ဥရောပက တခြားနိုင်ငံတွေက အလားတူ ကန့်သတ်ချက်တွေကို စဉ်းစားနေချိန်မှာ ဗြိတိန်ကလည်း သြစတြေးလျရဲ့ ခြေရာကို လိုက်လံလုပ်ဆောင်မှာ ဖြစ်ပါတယ်။
ဧပြီလ ၂၇ ရက်က လွှတ်တော်မှာ ဖြစ်ပေါ်တိုးတက်မှုတွေ မတိုင်ခင်ကလည်း အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက Sky News ကို ပိတ်ပင်မှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ဒီနှစ်ကုန်မတိုင်ခင် ချမှတ်မယ်လို့ ပြောကြားခဲ့ပါတယ်။
ပတ်ဝန်းကျင်ဝန်ကြီး အမ်မာ ရေးနော့က အစိုးရရဲ့ တိုင်ပင်ဆွေးနွေးမှု ရက်သတ္တပတ်အနည်းငယ်အတွင်း ပြီးဆုံးသွားတာနဲ့ ဝန်ကြီးတွေက အတော်လေး မြန်မြန်ဆန်ဆန် လုပ်ဆောင်သွားမှာပါလို့ ပြောကြားခဲ့ပါတယ်။
Ref- Sky News
