၂၈.၄.၂၀၂၆
Written by Linn Eain
လူအခွင့်အရေးများ ဖောက်ဖျက်ခြင်းခံရပါက ကိုယ်တိုင်အတွက်သာမက အခြားသူတစ်ဦးအတွက်ပါ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားစာပေးပို့နိုင်ကြောင်း ကော်မရှင်၏ အသိပေးထုတ်ပြန်မှုအရ သိရသည်။
နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဥပဒေပါ အခွင့်အရေးများ၊ နိုင်ငံတော်က လက်ခံထားသည့် လူ့အခွင့်အရေးနှင့် သက်ဆိုင်သော အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာသဘောတူစာချုပ်များတွင်ပါရှိသည့် လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေ ပုဒ်မ ၃ဝ အရ ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူတစ်ဦးအတွက်သော်လည်းကောင်း၊ လူတစ်စုကို ကိုယ်စားပြု၍သော်လည်းကောင်း ကော်မရှင်သို့ တိုင်ကြားနိုင်ကြောင်း သိရသည်။
တိုင်ကြားစာပေးပို့ရာတွင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ် (၂၇)၊ (၆) မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ သို့လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ရုံးခွဲများဖြစ်သည့် နေပြည်တော်၊ မန္တလေး၊ စစ်တွေ၊ ပုသိမ်မြို့တို့သို့လည်းကောင်း လိပ်မူ၍ စာတိုက်မှဖြစ်စေ၊ သက်ဆိုင်ရာကော်မရှင်ရုံးသို့ လူကိုယ်တိုင် ဖြစ်စေ၊ ဖက်စ် ၀၁၈-၆၅၄၆၇၈၊ ကော်မရှင် e-mail လိပ်စာဖြစ်သော [email protected] တို့မှ တစ်ဆင့်ဖြစ်စေ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။
ထိုသို့ တိုင်ကြားရာတွင် ပြည့်စုံစွာဖော်ပြရမည့်အချက်များမှာ (က) တိုင်ကြားသူ၏ အမည်၊ အမြဲတမ်းနေရပ်လိပ်စာနှင့် ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံ (ဆက်သွယ်ရန် ဖုန်း၊ ဖက်စ်နှင့် e-mail တို့ရှိလျှင် ထည့်သွင်းဖော်ပြရန်)၊ ( ခ ) တိုင်ကြားသူသည် မည်ကဲ့သို့ လူ့အခွင့်အရေး ဖောက်ဖျက်ခံရပြီး နစ်နာဆုံးရှုံးကြောင်း ပြည့်စုံစွာဖော်ပြချက်၊ လိုအပ်ပါက မှတ်တမ်းဓာတ်ပုံနှင့် အထောက်အထားမိတ္တူများ ပူးတွဲလျက်ပေးပို့ရန်၊ (ဂ) တိုင်ကြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မဖြစ်မနေ) ပူးတွဲပေးပို့ရန်၊ (ဃ) တိုင်ကြားချက်ပါ အကြောင်းအရာများ မှန်ကန်ကြောင်း တိုင်ကြားသူမှ လက်မှတ်ရေးထိုးပေးပို့ရန်တို့ဖြစ်သည်။
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ယင်းတိုင်ကြားချက်များကို စိစစ်၍ ကော်မရှင် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေးပြီး သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
