MT News
၂၈. ၄.၂၀၂၆
တရုတ်နိုင်ငံ၏ ကမ္ဘာကျော် နည်းပညာဘီလူးကြီးဖြစ်သော အလီဘာဘာအုပ်စုပိုင် Shop App Myanmar အွန်လိုင်းစျေးရောင်းပလက်ဖောင်းမှာ မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြုကြေထားသည်။
Shop.com.mm ဟု လူသိများခဲ့သော Shop App Myanmar သည် ဂျာမနီနိုင်ငံအခြေစိုက် Rocket Internet ကုမ္ပဏီက ၂၀၁၄ ခုနှစ်ဝန်းကျင်တွင် စတင်တည်ထောင်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့သည်။ Rocket Internet သည် အာရှနှင့် ဥရောပနိုင်ငံအတော်များများတွင် အောင်မြင်သည့် နည်းပညာလုပ်ငန်းများကို ပျိုးထောင်ပေးသည့် လုပ်ငန်းစုကြီး ဖြစ်ပြီး မြန်မာနိုင်ငံတွင် အောင်မြင်မှုရလာသည့် Shop ကို ၂၀၁၈ ခုနှစ်၊ မေလတွင် တရုတ်နိုင်ငံ၏ ကမ္ဘာကျော် အွန်လိုင်းအရောင်းအဝယ် နည်းပညာဘီလူးကြီးဖြစ်သည့် Alibaba Group ထံ Shop ၏ မိခင်ကုမ္ပဏီ Daraz Group ကို ရောင်းချလိုက်သောကြောင့် Shop သည် အလီဘာဘာ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။
လက်ရှိအချိန် မြန်မာနိုင်ငံမှထွက်ခွာမည့် Shop App Myanmar အနေဖြင့် လုပ်ငန်းလည်ပတ်မှုများကို မကြာမီကာလအတွင်း ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဝမ်းနည်းစွာဖြင့် အသိပေးအပ်ခဲ့သလို ဤဆုံးဖြတ်ချက်ကို လွယ်ကူစွာချမှတ်ခဲ့ခြင်း မဟုတ်ကြောင်း၊ နှစ်ပေါင်းများစွာအတွင်း လူကြီးမင်းတို့၏ နေ့စဉ်ဘဝ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းအတွင်း အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံပေးခဲ့ကြသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် လူကြီးမင်းတို့၏ မှာယူမှုတိုင်း၊ ပံ့ပိုးမှုတိုင်းနှင့် အပြန်အလှန်ဆက်သွယ်မှုတိုင်းသည် အဓိက အားအင်များဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် လုပ်ငန်းရပ်နားရန် ပြင်ဆင်နေစဉ်အတွင်း လက်ရှိမှာယူထားသော အော်ဒါများ၊ ပို့ဆောင်မှုများ၊ ပစ္စည်းပြန်လည်ပေးပို့မှုများနှင့် ငွေပေးချေမှုများ အားလုံးကို တာဝန်ယူမှု အပြည့်ဖြင့် ချောမွေ့စွာ အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အာမခံထားသည်။
သို့သော် နောက်ဆုံးအော်ဒါများကိုမူ ၂၀၂၆ ခုနှစ် ၊ ဧပြီလ ၂၉ ရက် ည ၁၁ နာရီ ၅၉ မိနစ်အထိသာ အော်ဒါများကို လက်ခံပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
