၂၈.၄.၂၀၂၆
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျကာတာရဲ့အပြင်ဘက် ဘီကာစီအရပ်မှာ မတ်လ ၂၇ ရက်ညနှောင်းပိုင်းက ခရီးသည်တင်ရထားတစ်စီးနဲ့ အဝေးပြေးရထားတစ်စီး တိုက်မိခဲ့တာမှာ အနည်းဆုံး လူခုနစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံပိုင် KAI ရထားကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အန်နာပူဘာက ဖြစ်ပွားခဲ့တဲ့ ရထားတိုက်မှုမှာ အနည်းဆုံး လူခုနစ်ဦး သေဆုံးပြီး ၈၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံရုပ်မြင်သံကြားကို မတ်လ ၂၈ ရက် မနက်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေက ရထားတွဲတွေကြားထဲမှာ ပိတ်မိနေတဲ့ လူအများအပြားကို ကယ်တင်ဖို့ ကြိုးစားနေဆဲဖြစ်လို့ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဆတ်ဖ်မီ ဒတ်စကို အာမက်Sufmi Dasco Ahmad ကလည်း ပြောခဲ့ပါတယ်။
သူက “ကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို ကြည့်မယ်ဆိုရင် ရထားတိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူအရေအတွက်ကလည်း ဆက်လက်မြင့်တက်လာနိုင်ပါတယ်” လို့ အခင်းဖြစ်ပွားရာနေရာမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲ မိုဟာမက် ဆာဖီအီက “ပျက်စီးနေသော ရထားတွဲများထဲမှ အသက်ရှင်ကျန်ရစ်သူများကို ကယ်ထုတ်ဖို့ ကျွမ်းကျင်မှုရှိသော ဝန်ထမ်းတွေ ပါဝင်ဖို့ လိုအပ်ပါတယ်”လို့ ဧပြီလ ၂၈ ရက် နံနက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေက ရထားတွဲတွေအကြားညပ်နေတဲ့ အသက်ရှင်ကျန်ရစ်သူခရီးသည်တွေဆီရောက်ရှိဖို့ ရထားတွဲတွေရဲ့ သတ္တုတွေကို ဖြတ်တောက်နေတာ တွေ့ရှိရပါတယ်။
နိုင်ငံပိုင် ရထားကုမ္ပဏီ PT KAI ရဲ့ အမှုဆောင်အရာရှိချုပ် ဘော့ဘီ ရတ်စ်ရီဒင်က သေဆုံးသူဦးရေ ခုနစ်ဦးအထိ မြင့်တက်လာကြောင်း ပြောကြားခဲ့ပါတယ်။ သူက ရထားလမ်းပေါ်ရှိ တက္ကစီတစ်စီးနဲ့ ခရီးသည်တင်ရထား တိုက်မိခဲ့ပြီး အဝေးပြေးရထားသည် ခရီးသည်တင်ရထားပေါ်ရှိ အမျိုးသမီးသီးသန့်တွဲကို တိုက်မိခဲ့တာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Ref- Reuters



