

၂၈. ၄. ၂၀၂၆
Written by Nyein Kyaw
ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ပေးသွင်းပြီးဖြစ်သည့် ဦးတေဇနှင့် ၎င်း၏သား ပြည့်ဖြိုးတေဇတို့ Board of Directors များအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် Htoo Trading Co., Ltd အပါအဝင် ကုမ္ပဏီ ၁၇ ခုအား Black Lists စာရင်းများမှ ပယ်ဖျက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာခဲ့သည်။
၂ဝ၂ဝ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက်ရှိသော စုစုပေါင်းကုမ္ပဏီ ၈၃ ခု၊ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့် ကုမ္ပဏီ ၁၉၇ ခု၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ ကာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီ ၂၈၇ ခုတို့ကို အမည်ပျက်စာရင်း (Black Lists) ထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ အမည်ပျက်စာရင်းထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးခြင်းခံရသည့် ကုမ္ပဏီများအနက် ကုမ္ပဏီ (၂၉) ခုသည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီး ဖြစ်သဖြင့် ယင်းကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်ပျက်စာရင်း (Black Lists) ထည့်သွင်း ခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျက်ကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ကြေညာခဲ့ပြီးဖြစ်သည်။
ယခုအခါ ပူးတွဲပါ ကုမ္ပဏီ ၁၇ ခုသည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်သဖြင့် ယင်းကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်ပျက်စာရင်း (Black Lists) ထည့်သွင်းခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျက်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်သည်
အဆိုပါ ကုမ္ပဏီ ၁၇ ခုတွင် ဦးတေဇနှင့် ၎င်း၏သား ပြည့်ဖြိုးတေဇတို့က Board of Directors များအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် Htoo Trading Co., Ltd ပါဝင်ခဲ့ပြီး ကျန်ကုမ္ပဏီများမှာ Yang Brothers National Co.,Ltd ၊ Multi World Trade Co.,Ltd ၊ Myanmar Yulin Co.,Ltd ၊ N.Y.K Global Diamond Crown Co.,Ltd ၊ BAAB’s Myanmar Co.,Ltd ၊ Mogok Hair Co.,Ltd ၊ Biopro (Myanmar) Co.,Ltd ၊ Lucky Marine Products Co.,Ltd ၊ Min Gamani Co.,Ltd ၊ San Dara Aung Co.,Ltd ၊ RRR Non Woven Manufacture Co.,Ltd ၊ MMSM(Myawaddy) Co.,Ltd ၊ Zwe Tharaphu Co.,Ltd ၊ Hao Yuan Co.,Ltd ၊ Rax Myanmar Co.,Ltd တို့ဖြစ်သည်။
