သက်တံ့
၂၇. ၄. ၂၀၂၆
တောင်ဆူဒန်နိုင်ငံ မြို့တော်ဂျူဘာ (Juba) ၏ အနောက်တောင်ဘက်တွင် ယနေ့ (တနင်္လာနေ့) က လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ၁၄ ဦးစလုံး သေဆုံးသွားကြောင်း တောင်ဆူဒန် အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့နှင့် ဒေသခံတာဝန်ရှိသူများကို ကိုးကား၍ နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။
CityLink Aviation လေကြောင်းလိုင်းမှ ပြေးဆွဲသည့် Cessna 208 Caravan အမျိုးအစား လေယာဉ်သည် ယေး (Yei) မြို့မှ ဂျူဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းစဉ် မြို့တော်နှင့် ၂၀ ကီလိုမီတာ (၁၂ မိုင်) ခန့်အကွာတွင် အဆက်အသွယ်ပြတ်တောက်ကာ ပျက်ကျခဲ့ခြင်းဖြစ်သည်။
ယင်းလေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၅ မိနစ်တွင် စတင်ပျံတက်ခဲ့ပြီး ၉ နာရီ ၄၃ မိနစ်တွင် အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
လေယာဉ်ပေါ်တွင် ခရီးသည် ၁၃ ဦးနှင့် လေယာဉ်မှူးတစ်ဦး ပါဝင်ပြီး သေဆုံးသူများအနက် ၁၂ ဦးမှာ တောင်ဆူဒန်နိုင်ငံသားများဖြစ်ကာ ကျန်နှစ်ဦးမှာ ကင်ညာနိုင်ငံသားများ ဖြစ်ကြသည်။ အဆိုပါဖြစ်စဉ်တွင် အသက်ရှင်ကျန်ရစ်သူ တစ်ဦးမျှမရှိကြောင်း အတည်ပြုထားသည်။
ကနဦး စုံစမ်းစစ်ဆေးမှုများအရ လေယာဉ်ပျက်ကျရခြင်းမှာ ရာသီဥတုဆိုးရွားပြီး မြင်ကွင်းမကြည်လင်မှု (Low Visibility) ကြောင့် ဖြစ်နိုင်သည်ဟု လေကြောင်းအာဏာပိုင်အဖွဲ့က ဆိုသည်။ တောင်ဆူဒန်နိုင်ငံသည် မတည်ငြိမ်မှုများနှင့် ဆင်းရဲမွဲတေမှုဒဏ်များအပြင် စိတ်ချရသော သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ လိုအပ်ချက်များရှိနေပြီး၊ လေယာဉ်များတွင် ဝန်ပိုတင်ခြင်းနှင့် ရာသီဥတုအခြေအနေများကြောင့် လေယာဉ်ပျက်ကျမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
Ref: First Post & SCMP
