၁၁ .၃.၂၀၂၆
Written by Thiri
ကန်တာယာဉ်တစ်စီးနဲ့ YBS ၈၅ ယာဉ်တစ်စီး မိန်းလမ်းမကြီးပေါ်မှာ မျက်နှာချင်းဆိုင်တိုက်မိတဲ့ဖြစ်စဉ် ဒီနေ့ မတ် ၁၁ ရက်နေ့ နေ့လယ် ၃ နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာ ဖြစ်ပွားရာ အမျိုးသားနှစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေးသမားတွေထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီကနေ့ နေ့လယ် ၂ နာရီ ၅၅ မိနစ်အချိန်ခန့်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ ရတနာလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားကာ လူညပ်နေကြောင်း သတင်းအရ ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


ဘဘကြီး အကြင်နာကုသိုလ်ပြုလူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက “ကန်တာယာဉ်ပေါ်ပါ လူသုံးဦးမှာ တစ်ဦး နေရာတင် သေဆုံး၊ နောက်တစ်ဦး ကူညီကယ်ဆယ်နေစဉ် ထပ်မံသေဆုံးနဲ့ ဆေးရုံတင်ပို့တဲ့လူနာက အနီရောင်အဆင့် ပြင်းထန်ပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါယာဉ်တိုက်မှု ဖြစ်စဉ်တွင်း YBS ယာဉ်က ယှဉ်ပြိုင်မောင်းနှင်ကျော်တက်လာစဉ် ကန်တာယာဉ်နဲ့ မျက်နှာချင်းဆိုင် တိုက်မိတာ ဖြစ်တယ်လို့လည်း မျက်မြင်တချို့ရဲ့ ပြောကြားချက်အရ သိရှိရပြီး ကန်တာယာဉ်ကလည်း ကားခေါင်းခန်းမှာ လူ သုံးဦး စုထိုင်လာတာမို့ ရုတ်တရက် ထွက်ပေါ်လာတဲ့ ယာဉ်ကို မမြင်လိုက်တာဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။
ကန်တာယာဉ်မှာ လုပ်ငန်းသုံးယာဉ်ဖြစ်ပေမယ့် ယာဉ်ပေါ်မှာ ဘာပစ္စည်းမှ တင်မလာဘဲ အလွတ်မောင်းနှင်လာတာလို့ သိရပါတယ်။ သေဆုံးသူတွေက သက်လတ်ပိုင်းအရွယ် လူရွယ်နှစ်ဦးဖြစ်ပြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်အခြေစိုက် အဖြူရောင်နှလုံးသား လူမှုကူညီရေးအသင်းနဲ့ 5BB လူမှုကူညီရေးအသင်းတို့က ရုပ်အလောင်းသယ်ဆောင်ကာ မြောက်ဥက္ကလာဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
ဘဘကြီး အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်းတာဝန်ရှိသူက”ဖြစ်ဖြစ်ခြင်း တစ်ယောက်ကတော့ အမြန်ဆွဲထုတ်လို့ရလိုက်တယ်။ သူလည်း ဒဏ်ရာကပြင်းထန်တယ်။ ဝမ်းဗိုက်၊ ခါး၊ ရင်ဘတ်ပိုင်းတွေ ထိထားတာ။ ကျွန်တော်တို့အသင်းက ကားနဲ့ မြောက်ဥက္ကလာဆေးရုံကြီးဆီ အရေးပေါ်တင်ပို့ပေးထားပါတယ်”လို့ MT News ကို ပြောပါတယ်။
