၁၁.၃.၂၀၂၆
Translated by Htwe Ko Tun
အီရန်ရဲ့ အထွတ်အထိပ်ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ မိုဂျ့်တာဘာ ခါမေနီဟာ ဖခင်ဖြစ်သူ အလီခါမေနီရဲ့နေရာကို ဆက်ခံပြီး သုံးရက်အကြာအထိ ဗီဒီယို ဒါမှမဟုတ် အများပြည်သူရှေ့မှောက်မှာ ပေါ်လာခဲ့တာ မရှိသလို ရေးသားထားတဲ့ ကြေညာချက်တွေကိုလည်း ထုတ်ပြန်ခဲ့တာ မရှိဘူးလို့ဆိုပါတယ်။
အီရန်မှာ ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာတစ်ခုကို ဆွေးနွေးမယ့် အမည်မဖော်လိုတဲ့ အီရန်အရာရှိ သုံးဦးရဲ့ ပြောကြားချက်အရတော့ ဘယ်လိုဆက်သွယ်မှုမျိုးပဲဖြစ်ဖြစ် ပြုလုပ်ခံရမယ်ဆိုရင် မိုဂျ့်တာဘာ ရှိတဲ့နေရာကို ရန်သူသိအောင်ဖော်ထုတ်ခံရနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုက အခုလို သူ့အနေနဲ့ လူရှေ့ထွက်မလာတဲ့ အကြောင်းရင်းတစ်ခုလို့ ပြောကြပါတယ်။
ဒါ့ပြင် နောက်ထပ်အချက်တစ်ခုအနေနဲ့ အသက် ၅၆ နှစ်အရွယ် မိုဂျ့်တာဘာ ခါမေနီဟာ စစ်ပွဲစတင်ဖြစ်ပွားတဲ့ ဖေဖော်ဝါရီလ ၂၈ ရက်မှာပဲ အစ္စရေးနဲ့အမေရိကန်တို့ရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တာကြောင့်လို့ ဖြစ်တယ်ဆိုတာ သူတို့က ပြောကြားခဲ့ပါတယ်။
မိုဂျ့်တာဘာ ခါမေနီဟာ ခြေထောက်တွေအပါအဝင် ဒဏ်ရာရရှိမှုတွေရှိနေပေမယ့် သတိရှိနေပြီး ဆက်သွယ်ရေးကန့်သတ်ထားတဲ့ အလွန်လုံခြုံတဲ့နေရာမှာ ခိုလှုံနေတယ်လို့ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း အစိုးရရဲ့ အကြီးတန်းပုဂ္ဂိုလ်တွေက ပြောကြားခဲ့တယ်လို့ အီရန်အရာရှိသုံးဦးက ဆိုပါတယ်။
အစ္စရေးစစ်ဘက်အရာရှိနှစ်ဦးက အစ္စရေးမှ စုဆောင်းရရှိသော အချက်အလက်တွေအရ မိုဂျ့်တာဘာ ခါမေနီဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ ခြေထောက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ယုံကြည်ရပြီး မတ်လ ၈ ရက်မှာ အထွတ်အထိပ်ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရခြင်းမပြုမီကပင် သူတို့က ကောက်ချက်ချခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ခါမေနီရဲ့ ဒဏ်ရာအခြေအနေအပြည့်အစုံနဲ့ အတိုင်းအတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိကြရပါဘူး။
မိုဂျ့်တာဘာရဲ့ ဖခင်ဖြစ်သူ အလီခါမေနီဟာ ဖေဖော်ဝါရီ ၂၈ ရက်က တီဟီရန်မြို့လယ်ရှိ ခေါင်းဆောင်များရှိရာ ဝင်းအတွင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့ပါတယ်။ မိုဂျ့်တာဘာရဲ့ မိခင်၊ ဇနီးနဲ့ သားတစ်ဦးအပြင် အီရန်ကာကွယ်ရေးအရာရှိ အများအပြားလည်း ထိုနေ့အချိန်တိုက်ခိုက်မှုမှာ သေဆုံးခဲ့ကြရပါတယ်။
မိုဂျ့်တာဘာ ခါမေနီရဲ့ အခြေအနေနဲ့ပတ်သက်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြားနဲ့သတင်းဌာန IRNA က ဒဏ်ရာရ စစ်ပြန် အကြီးအကဲခေါင်းဆောင်လို့ ရည်ညွှန်းခေါ်ဆိုခဲ့ပါတယ်။ ဒါ့အပြင် ခါမေနီကို ဂုဏ်ပြုတဲ့ ဩဇာကြီးမားတဲ့ အစိုးရဘာသာရေးပရဟိတအဖွဲ့ Komiteh Emdad ရဲ့ ကြေညာချက်မှာလည်း စစ်ပွဲမှာ ဒဏ်ရာရရှိတဲ့ စစ်ပြန်တစ်ဦးကို ရည်ညွှန်းတဲ့ ပါရှန်အသုံးအနှုန်းဖြစ်တဲ့ “janbaz jang” လို့ ခေါ်ဆိုခဲ့ပါတယ်။
အီရန်ရှိ ဒေသခံမီဒီယာတွေက အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ အက်ပ်မေးလ် ဘက်ဂ်ဟေးကို မိုဂျ့်တာဘာ ခါမေနီဟာ တာဝန်ယူပြီး နိုင်ငံရဲ့ အမြင့်ဆုံးဘာသာရေးနဲ့ နိုင်ငံရေးပုဂ္ဂိုလ်အဖြစ်အပြင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဦးစီးချုပ်အဖြစ်ပါ သူ့ရဲ့ရာထူးအသစ်ကို လက်ခံရယူပြီး ထမ်းဆောင်နေခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။
ဘက်ဂ်ဟေးက မေးခွန်းကို တိုက်ရိုက်မဖြေဘဲ သတင်းစကားကို လက်ခံရယူရမယ့်သူတွေဟာ သတင်းစကားကို ရရှိပြီးဖြစ်ကြပါတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref- The New York Times
