သက်တံ့
၁၁. ၃. ၂၀၂၆
ရုရှားနိုင်ငံပိုင် Rostec ကော်ပိုရေးရှင်းရဲ့ လက်အောက်ခံ ယက်ဇ်ပရွမ်အိတ်စ်ပို့ကုမ္ပဏီ (Tyazhpromexport Company)ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သံမဏိစက်ရုံတစ်ရုံမှာ အောက်ဆီဂျင်ထုတ်လုပ်ရေးစခန်းကို စတင်လည်ပတ်ပေးခဲ့တယ်လို့ Rostec က ပြောကြားလိုက်ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ ၂၀၂၇ ခုနှစ်လယ်အထိ အကောင်အထည်ဖော်ဖို့ ရည်မှန်းထားတဲ့ စက်ရုံပြန်လည် လည်ပတ်ရေး အကြီးစားစီမံကိန်းရဲ့ ပထမဆုံးအဆင့် ဖြစ်ပါတယ်။
“ကျွန်တော်တို့ ကုမ္ပဏီဟာ သတ္တုဗေဒဆိုင်ရာ အကြီးစား နိုင်ငံတကာစီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိထားပါတယ်။ အခုလို ပိတ်ဆို့အရေးယူမှုတွေရဲ့ ဖိအားတွေရှိနေတဲ့အပြင် ဂျာမနီထုတ်လုပ်သူတွေဘက်က ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်နေတဲ့ အခြေအနေမျိုးမှာတောင် ကျွန်တော်တို့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ အကြီးဆုံး အောက်ဆီဂျင်စက်ရုံကို လည်ပတ်ပေးနိုင်ခဲ့ပါတယ်။ ဒီစီမံကိန်းမှာ ရုရှားနည်းပညာတွေကိုပဲ အသုံးပြုထားတာပါ။ အခု စက်ရုံအသစ်ဟာ သံမဏိစက်ရုံတစ်ခုလုံး တည်တည်ငြိမ်ငြိမ် လည်ပတ်နိုင်ဖို့အတွက် အထောက်အပံ့ဖြစ်စေမှာပါ” လို့ Tyazhpromexport ရဲ့ ဒုတိယအမှုဆောင်အရာရှိချုပ် Sergey Kopylov က Rostec ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
ပုံစာ။ Tyazhpromexport ကုမ္ပဏီလည်ပတ်နေသော သံမဏိစက်ရုံတစ်ခုပုံရိပ်။
Ref : Tass
