၁၇.၁.၂၀၂၆
Written By Thandar
ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော်ကြီး ဂျေမောင်မောင်ရဲ့ဇနီး အသက် ၆၉ နှစ်ပြည့် မွေးနေ့အတွက်ရည်စူးပြီး ဆရာတော်သံဃာတော်တွေကို နေ့ဆွမ်းနဲ့ ပရိက္ခရာရှစ်ပါး ဆက်ကပ်လှူဒါန်းခဲ့တယ်လို့ သမီးဖြစ်သူအဆိုတော် သီရိဂျေမောင်မောင်က ဆိုပါတယ်။
“အမေ့အတွက် ရည်စူးကုသိုလ်လေးပါ။ အမေသာရှိခဲ့ရင် ဒီ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက် အမေ ၆၉ နှစ် ပြည့်မယ့်မွေးနေ့လေးပါ။ အမေရောက်ရာ ဘုံဘဝမှ သာဓုခေါ်နိုင်ပြီး မြင့်မားရာဘုံဘဝ မျက်မှောက်ပြုနိုင်ပါစေဖို့အတွက်ပါ။ အမေသာမက ဘုန်းဘုန်းက ဦးလေးဂျေညီညီနဲ့တကွ ဘိုးဘွားဆွေမျိုးများအားလုံးကိုလည်း မေတ္တာပိုအမျှပေးဝေပါတယ်။ ဘုန်းဘုန်းအတွက် ဆွမ်းတွေကိုလည်း ကိုယ်တိုင် အားရပါးရချက်ပြီး ဆွမ်းကပ်လှူပါတယ်။ သင်္ကန်းပရိက္ခရာရှစ်ပါး၊ ဝတ္ထုတွေလည်း လှူဒါန်းပါတယ်”လို့ အဆိုတော် သီရိဂျေမောင်မောင်က ပရိသတ်သိအောင် ပြောလာပါတယ်။
သူမကတော့ ကွယ်လွန်ခဲ့တဲ့ မိခင်အတွက်ရော၊ ဦးလေးဖြစ်သူ ဂျေညီညီအတွက်ရော ဆရာတော်အရှင်သူမြတ်တွေကို နေ့ဆွမ်းဆက်ကပ်ခြင်း၊ ပရိက္ခရာရှစ်ပါးနဲ့ ဝတ္ထုငွေတွေ ဆက်ကပ်ခဲ့သလို ရွှေတိဂုံစေတီတော် မြတ်ဘုရားကြီးကိုလည်း လျှပ်စစ်မီး ပူဇော်ကန်တော့ခဲ့တယ်လို့ သိရပါတယ်။
“ဒီနေ့ ကောင်းမှုကုသိုလ်အစုစုအဖို့ဘာဂကို ၃၁ ဘုံသား လူနတ်မိတ်ဆွေသူငယ်ချင်းများအားလုံး ဝမ်းသာစွာသာဓုခေါ်ပြီးထပ်တူအမျှရကြပါစေ။ အမျှ အမျှ အမျှ ယူတော်မူကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်”လို့ သူမကဆက်ပြောပါတယ်။
အသည်းကွဲမြိုတော်၊ တစ်စုံတစ်ရာ၊ အလွမ်းကဖီးတေးသီချင်းနဲ့ ပရိသတ်ချစ်ခင်မှုရထားတဲ့ အဆိုတော်ကြီး ဂျေမောင်မောင်ကတော့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က ဦးနှောက်သွေးကြောပေါက်ပြီးတော့ ဘယ်ဘက်တစ်ခြမ်း လေထိထားခဲ့တာလည်းဖြစ်ပါတယ်။ ဒီဇင်ဘာလလောက်ကလည်း ဂီတအသိုင်းအဝိုင်းက အဆိုတော် ဂျေမောင်မောင်ထံသွားရောက်ပြီး အားပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
#ဂျေမောင်မောင် #JayMaungMaung #သီရိဂျေမောင်မောင် #JayNyiNyi #မိခင်မွေးနေ့ကုသိုလ် #ကျန်းမာရေး #ThiriMaungMaung #လေဖြန်း #MyanmarSinger








