၁၇.၁.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် ၎င်း၏ရည်မှန်းချက်ကို ဆန့်ကျင်သော နိုင်ငံများအပေါ် စည်းကြပ်ခွန်အသစ်များ ကောက်ခံရန် စဉ်းစားနေကြောင်း ဇန်နဝါရီလ ၁၆ ရက်က ပြောကြားခဲ့ကြောင်းသိရသည်။
သမ္မတ ထရမ့်ပ်က “ကျွန်တော်တို့ ဂရင်းလန်းကျွန်းကို လိုအပ်တယ်။ ဒါကလည်း ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက် ကျွန်တော်တို့လိုအပ်တာဖြစ်ပါတယ်။ ဒီကိစ္စကို သူတို့က သဘောမတူကြရင် ဒီဆန့်ကျင်တဲ့နိုင်ငံတွေကို စည်းကြပ်ခွန်အသစ်တွေ ကျွန်တော်တို့ ကောက်ခံနိုင်တယ်” ဟု အိမ်ဖြူတော်တွင်ကျင်းပသော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့ခြင်းဟု သိရသည်။
အမေရိကန်ပြည်ထောင်စုတွင် ဆေးဝါးဈေးနှုန်းများ လျှော့ချရန် အစီအစဉ်တစ်ခုတွင် ပူးပေါင်းဆောင်ရွက်ရန် အခြားနိုင်ငံများကို စည်းကြပ်ခွန်ကောက်ခံမှုများ အသုံးပြုခဲ့ကြောင်း သမ္မတက အသေးစိတ်ပြန်ပြောပြစဉ် ယင်းကဲ့သို့ မှတ်ချက်ပေးပြောကြားခဲ့ခြင်းဖြစ်သည်။
ဂရင်းလန်းကျွန်းနှင့် ဒိန်းမတ်နိုင်ငံမှ ကိုယ်စားလှယ်များက ထရမ့်ပ်၏ အစီအစဉ်များနှင့် ပတ်သက်၍ အပြီးသတ် မဆုံးဖြတ်ရသေးသော အစည်းအဝေးများတက်ရောက်ရန်အတွက် ဂရင်းလန်းကျွန်းနှင့် ဒိန်းမတ်နိုင်ငံမှ ကိုယ်စားလှယ်များက ယခုအပတ်တွင် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ခဲ့ကြသည်။
သမ္မတထရမ့်ပ်က ၎င်း၏ နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်များ အောင်မြင်ရန် စည်းကြပ်ခွန်ကောက်ခံမှု ခြိမ်းခြောက်မှုများကို နိုင်ငံတကာ၌ အကြိမ်ကြိမ် အသုံးချခဲ့သည်။ ယခုအပတ်အစောပိုင်းတွင်ပင် အီရန် နှင့်စီးပွားရေးလုပ်ကိုင်သောနိုင်ငံများအပေါ်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု ခြိမ်းခြောက်ခဲ့ပြီး ချက်ချင်းအကျိုးသက်ရောက်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
သို့သော် ၎င်းတို့ကို တရားဝင်ဥပဒေပြဋ္ဌာန်းပြီးပြီဟု မသိရသေးဘဲ အိမ်ဖြူတော်ကလည်း မေးမြန်းမှုများစွာကို တုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
သမ္မတ ထရမ့်ပ်၏ နိုင်ငံအလိုက် ကျယ်ပြန့်သည့် စည်းကြပ်ခွန်ကောက်ခံမှုများ ချမှတ်နိုင်စွမ်းအပေါ် မကြာခင်အကန့် အသတ်များရှိလာနိုင်ပြီးတရားရုံးချုပ်အရေးပါသည့်အမှုတစ်ခုတွင် ဆုံးဖြတ်ချက်ချမှတ်လိမ့်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။
Ref-CNN
