သတိုး
၁၆. ၁. ၂၀၂၆
ဩစတြေးလျနိုင်ငံတွင် အသက် ၁၆ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက် (Social Media) အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်သည့် ဥပဒေကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်ပြဋ္ဌာန်းခဲ့ပြီးနောက် လက်ရှိတွင် ကလေးငယ်များပိုင်ဆိုင်သည့် အကောင့်ပေါင်း ၄ ဒသမ ၇ သန်းခန့်ကို လူမှုကွန်ရက်ကုမ္ပဏီများက ဖယ်ရှားပိတ်သိမ်းခဲ့ကြောင်း တာဝန်ရှိသူများက သောကြာနေ့ (ဇန်နဝါရီ ၁၆ ရက်) တွင် ပြောကြားခဲ့သည်။
“မလုပ်နိုင်ဘူးလို့ ပြောခဲ့သူတွေအားလုံးကို ကျွန်မတို့ သက်သေပြနိုင်ခဲ့ပါပြီ” ဟု ဩစတြေးလျ ဆက်သွယ်ရေးဝန်ကြီး အနီကာ ဝဲလ်စ် (Anika Wells) က သတင်းထောက်များကို ပြောကြားခဲ့သလို “ကမ္ဘာပေါ်မှာ သြဇာအရှိဆုံးနဲ့ အချမ်းသာဆုံး ကုမ္ပဏီအချို့ကို ကျွန်မတို့ ရင်ဆိုင်နိုင်ခဲ့တာပါ။ အခုဆိုရင် ဩစတြေးလျက မိဘတွေအနေနဲ့ သူတို့ရဲ့ ကလေးတွေဟာ ကလေးဘဝရဲ့ ပျော်ရွှင်မှုတွေကို ပြန်ရနိုင်ပြီလို့ ယုံကြည်စိတ်ချနိုင်ပါပြီ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
◾️ ဒဏ်ကြေးသတ်မှတ်ချက်
အဆိုပါ “Online Safety Amendment (Social Media Minimum Age) Bill 2024” ဩစတြေးလျဥပဒေအရ Facebook, Instagram, Kick, Reddit, Snapchat, Threads, TikTok, X, YouTube နှင့် Twitch စသည့် ပလက်ဖောင်း ၁၀ ခုသည် အသက် ၁၆ နှစ်အောက် ကလေးငယ်များ၏ အကောင့်များကို ဖယ်ရှားရန် ပျက်ကွက်ပါက ဩစတြေးလျဒေါ်လာ ၄၉ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၂ သန်း) အထိ ဒဏ်ရိုက်ခံရမည်ဖြစ်သည်။
သို့သော် WhatsApp နှင့် Facebook Messenger ကဲ့သို့သော မက်ဆေ့ချ်ဝန်ဆောင်မှုများကိုမူ ဤဥပဒေမှ ကင်းလွတ်ခွင့်ပေးထားသည်။
◾️ အသက်ကို မည်သို့ စစ်ဆေးသနည်း
လူမှုကွန်ရက်ကုမ္ပဏီများသည် အကောင့်ပိုင်ရှင်၏ အသက်ကို စစ်ဆေးရန်အတွက်
- မှတ်ပုံတင် သို့မဟုတ် အထောက်အထားစာရွက်စာတမ်း တောင်းခံခြင်း၊
- နည်းပညာအသုံးပြု၍ အကောင့်ပိုင်ရှင်၏ မျက်နှာကိုကြည့်ကာ အသက်ခန့်မှန်းခြင်း၊
- အကောင့်ကို မည်မျှကြာအောင် အသုံးပြုခဲ့သည်ဆိုသည့် အချက်အလက်များအပေါ် မူတည်၍ တွက်ချက်ခြင်း နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။
ဩစတြေးလျ eSafety ကော်မရှင်နာ ဂျူလီ အင်းမန်း ဂရန့် (Julie Inman Grant) ၏ အဆိုအရ ဩစတြေးလျတွင် အသက် ၈ နှစ်မှ ၁၅ နှစ်ကြား ကလေးငယ် ၂ ဒသမ ၅ သန်းခန့်ရှိပြီး ယခင်က ကောက်ယူခဲ့သော စစ်တမ်းများအရ အသက် ၈ နှစ်မှ ၁၂ နှစ်ကြား ကလေး ၈၄ ရာခိုင်နှုန်းတွင် လူမှုကွန်ရက်အကောင့်များ ရှိနေခဲ့ကြောင်း သိရသည်။
◾️ ဝေဖန်မှုနှင့် အငြင်းပွားမှုများ
ဤဥပဒေသည် မိဘများနှင့် ကလေးသူငယ်အခွင့်အရေး လှုပ်ရှားသူများအကြား အလွန်ရေပန်းစားသော်လည်း အွန်လိုင်းကိုယ်ရေးကိုယ်တာ လုံခြုံမှု လှုပ်ရှားသူများနှင့် အချို့သော ဆယ်ကျော်သက်အဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြသည်။ ၎င်းတို့က လူမှုကွန်ရက်ကို ပိတ်ပင်ခြင်းသည် ဝေးလံခေါင်ဖျားသော အရပ်တွင် နေထိုင်သည့် ကလေးငယ်များအတွက် အွန်လိုင်းမှတစ်ဆင့် အကူအညီရယူနိုင်သည့် အခွင့်အလမ်းများကို ဆုံးရှုံးစေနိုင်သည်ဟု ထောက်ပြကြသည်။
ထို့အပြင် အချို့သော ဆယ်ကျော်သက်များသည် အသက်စစ်ဆေးသည့် နည်းပညာများကို လှည့်ဖြားရန် ကြိုးစားခြင်း သို့မဟုတ် လူကြီးများ၏ အကူအညီဖြင့် အကောင့်သစ်များ ပြန်လည်ဖွင့်လှစ်ခြင်းများ ရှိနေကြောင်းလည်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။
◾️ နိုင်ငံတကာက စံနမူနာယူလာခြင်း
သို့သော် ဩစတြေးလျ၏ ဤလုပ်ဆောင်ချက်ကို ဒိန်းမတ်နိုင်ငံကဲ့သို့သော အခြားနိုင်ငံများကလည်း စံနမူနာယူရန် စတင်ပြင်ဆင်လာကြသည်။ ဒိန်းမတ်အစိုးရသည် အသက် ၁၅ နှစ်အောက် ကလေးများအတွက် လူမှုကွန်ရက်ပိတ်ပင်ရန် စီစဉ်နေကြောင်း သိရသည်။
“ဒီဥပဒေက တကယ်အလုပ်ဖြစ်နေပြီး အခုဆိုရင် ကမ္ဘာတစ်ဝန်းမှာပါ စံနမူနာယူနေကြပြီဖြစ်လို့ ဒါဟာ ဩစတြေးလျအတွက် ဂုဏ်ယူစရာပါ” ဟု ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ် (Anthony Albanese) က ပြောကြားခဲ့သည်။
ရှေ့ဆက်လက်၍ ဩစတြေးလျ eSafety ကော်မရှင်သည် လာမည့် မတ်လတွင် AI Chatbot များနှင့် ပတ်သက်သည့် တားမြစ်ကန့်သတ်ချက်အသစ်များကိုလည်း ယခုကဲ့သို့ ကမ္ဘာ့ဦးဆောင်ပုံစံအတိုင်း ထုတ်ပြန်သွားရန် စီစဉ်နေကြောင်း သိရသည်။
Ref : Al Jazeera
