MT News
၁၇. ၁. ၂၀၂၆
လွိုင်လင်-နမ့်စမ်ပြည်ထောင်စုလမ်းမပေါ်မှ ခရီးသည်တင်ယာဥ်တစ်စီး ချောက်ထဲကျပြီး လူတစ်ဦးသေဆုံးကာ ကိုးဦး ဒဏ်ရာရမှု ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီအချိန်ခန့်က ရှမ်းပြည်နယ်၊ နမ့်စမ်မြို့နယ်၊ လွိုင်လင်-နမ့်စမ်ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၇၇/၁) နှင့် (၁၇၇/၂) ကြားတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ချောက်ထဲကျနေကြောင်း သတင်းရရှိသဖြင့် လွိုင်လင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ နမ့်စန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ လူ ၁၁ ဦးအနက် အမျိုးသားသုံးဦးနှင့် အမျိုးသမီး ၆ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိကာ အမျိုးသားတစ်ဦး သေဆုံးခဲ့သဖြင့် သေဆုံးဒဏ်ရာရသူများအား လွိုင်လင်ခရိုင်မီးသတ်စခန်းမှ သူနာတင်ယာဉ်တစ်စီး၊ နမ့်စမ်မြို့နယ်ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်တစ်စီးနှင့် တောင်တန်းလူငယ်ပရဟိတအသင်းမှ သူနာတင်ယာဉ်တစ်စီးတို့ဖြင့် လွိုင်လင်ခရိုင်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။



