သက်တံ့
၁၇. ၁.၂၀၂၆
မလေးရှားအထွေထွေစစ်ဆင်ရေးတပ်ဖွဲ့ (GOF) သည် ကဒါးပြည်နယ်နှင့် ပီနန်းပြည်နယ်တို့တွင် စစ်ဆင်ရေးနှစ်ခု ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦးနှင့် ဒေသခံ ၃ ဦး ဦးဆောင်သည့် လူကုန်ကူးမှုဂိုဏ်းကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
GOF မြောက်ပိုင်းတပ်မမှူး SAC Balveer Singh ၏ ပြောကြားချက်အရ ဇန်နဝါရီ ၁၄ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၄ နာရီခန့်တွင် ကဒါးပြည်နယ်၊ ဂျစ်ထရာ (Jitra) အဝေးပြေးလမ်း တိုးလ်ဂိတ်အနီး၌ ပထမအကြိမ် စစ်ဆင်ရေးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စစ်ဆင်ရေးတွင် MPV နှင့် SUV မော်တော်ယာဉ် နှစ်စီးပေါ်မှ လူကုန်ကူးမှုတွင် ပါဝင်သည့် မလေးရှားနိုင်ငံသား ဒေသခံအမျိုးသား ၂ ဦးနှင့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် ၎င်းယာဉ်များပေါ်တွင် အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၆ ဦး (အမျိုးသား ၉ ဦး၊ အမျိုးသမီး ၇ ဦး) ကိုလည်း ကယ်တင်နိုင်ခဲ့သည်။ ဖမ်းဆီးရမိသူများအနက် ဒေသခံအမျိုးသားတစ်ဦးနှင့် ၁၆ နှစ်အရွယ် မိန်းကလေးမှာ သားအဖ တော်စပ်သူများဖြစ်ကြသည်။ ၎င်းတို့အား စစ်ဆေးမေးမြန်းရာတွင် နိုင်ငံခြားသားများကို သယ်ယူပို့ဆောင်ပေးပါက ငွေကြေးရမည်ဟု ကတိပေးခံထားရကြောင်းနှင့် ပြီးခဲ့သည့် ၈ လအတွင်း ယခုကဲ့သို့ အကြိမ်ပေါင်းများစွာ ကယ်ရီ လုပ်ဆောင်ခဲ့ဖူးကြောင်း ဝန်ခံခဲ့ကြသည်။
စစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့က မော်တော်ယာဉ် နှစ်စီး၊ ဖုန်း ၁၈ လုံး၊ ငွေသားနှင့် လက်ဝတ်ရတနာများ အပါအဝင် စုစုပေါင်း တန်ဖိုး မလေးရှားရင်းဂစ် ၂၅၄,၀၃၀ ကျော်ကို သိမ်းဆည်းခဲ့သည်။
ယင်းဖမ်းဆီးမှုများအပြီး နောက်တစ်နေ့တွင် ဂိုဏ်းခေါင်းဆောင်ဟု ယူဆရသည့် အသက် ၃၀ ဝန်းကျင်ရှိ မြန်မာအမျိုးသားတစ်ဦးကို ပီနန်းပြည်နယ်၊ နီဘောင်းတီဘယ် (Nibong Tebal) တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
လက်ရှိတွင် လူကုန်ကူးသူ ၄ ဦးကို ၂၀၁၂ ခုနှစ် လုံခြုံရေးဆိုင်ရာ ပြစ်မှုများ (အထူးစီမံချက်) အက်ဥပဒေ (SOSMA) အရ ဖေဖော်ဝါရီ ၁၁ ရက်အထိ ၂၈ ရက်ကြာ ထိန်းသိမ်းထားပြီး ၂၀၀၇ ခုနှစ် လူကုန်ကူးမှုနှင့် မှောင်ခိုသွင်းမှုတိုက်ဖျက်ရေး အက်ဥပဒေ (ATIPSOM) ဖြင့် အရေးယူထားသည်။ တရားမဝင် ဝင်ရောက်လာသူ ၁၆ ဦးကိုမူ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ ဇန်နဝါရီ ၂၈ ရက်အထိ ချုပ်ရမန် ရယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Ref : Bernama Via malay mail
