သတိုး
၁၇. ၁. ၂၀၂၆
၁။
မြန်မာနိုင်ငံ၏ ဘင်္ဂါလီနယ်စပ်ခိုးဝင်ပြသနာကို NLD အစိုးရဟောင်းက အာနန်ကော်မရှင်မှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ပြဿနာ၊ နိုင်ငံမဲ့အရေးနှင့် လူမျိုးသုဉ်း (လူမျိုးတုံး) သတ်ဖြတ်မှုအဖြစ် ပုံဖော်ခဲ့ရာမှ ဂမ်ဘီယာနိုင်ငံက အစ္စလာမ့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ၏ ငွေကြေးရယူကာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJJ) တွင် ၂၀၁၉ ခုနှစ်က စတင် တရားစွဲဆိုမှုကို ရင်ဆိုင်ရေးမှာ လက်ရှိနိုင်ငံတော်တာဝန် ရယူထားသည့် အစိုးရအဖွဲ့၏ တာဝန်ဖြစ်လာခဲ့သည်။
အံ့အားသင့်စရာကောင်းသည့်ဖြစ်ရပ်မှာ မဲမသမာမှုကြောင့် ဖြုတ်ချခံ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ICJ သို့သွားရောက်ရင်ဆိုင်စဉ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲများ၊ ဂမ်ဘီယာကို ရှုတ်ချမှု၊ တိုင်းရင်းသားမဟုတ်ဘဲ ရိုဟင်ဂျာအမည်ဖြင့် တိုင်းရင်းသားဖြစ်လိုပြီး မြန်မာ့မြေပေါ် နိုင်ငံသစ်ထူထောင်လိုနေသည့် ဘင်္ဂါလီများ၊ အစ္စလာမ္မစ်အစွန်းရောက် အဖွဲ့အစည်းများ၏ မြန်မာ့မြေဖဲ့ယူလိုသည့် အကြံအစည်များကို တစ်ချိန်က ရှုတ်ချခဲ့သူများသည့် ယနေ့ကာလတွင်မူ အာဏာရအစိုးရတစ်ရပ်ကို မကျေနပ်မှုတစ်ခုဖြင့် နိုင်ငံကိုတရားစွဲသည့် ဂမ်ဘီယာ၏ လုပ်ရပ်အပေါ် ပြန်လည်ထောက်ခံနေခြင်းဖြင့် အချူပ်အခြာအာဏာပိုင် မြန်မာ့နယ်မြေအပေါ် အစ္စလာမ္မစ်အစွန်းရောက်အဖွဲ့အစည်းများ အခြေပြုနိုင်ရေး ဂမ်ဘီယာ၏ လှုပ်ရှားမှုအပေါ် ကြိုဆိုနေကြပြန်ခြင်းဖြစ်သည်။

“ ICJ မှာ အခုပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး ပါဝင်တဲ့အဖွဲ့ဝင်တွေ၊ ကျွန်မတို့ရုံးက အကြံပေးဒေါ်ခင်ဦးလှိုင်လည်း ပါသွားတယ်။ သွားရှင်းပြတာကို ကျွန်မအနေနဲ့ အပြည့်အဝထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို ၂၀၁၆ နဲ့ ၂၀၁၇ မှာ ဒီကိစ္စတွေ၊ ဘင်္ဂါလီ တွေကို လူမျိုးတုံးစေမှုဖြစ်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ဖြစ်တဲ့နှစ်တွေမှာ ဒီအစိုးရမတိုင်ခင်က အဖြစ်မှန်တွေကို သက်သေအထောက်အထားနဲ့ ထောက်ပြတင်ပြတာ နိုင်ငံတကာအသိုင်းအဝိုင်းကို ဒါပထမဦးဆုံးအကြိမ်လို့ပဲ ပြောရမယ်။ အဲဒီတော့ ဒါပထမဦးဆုံးအကြိမ် ဒီအစိုးရလက်ထက်မှာ မှန်မှန်ကန်ကန်ဖြစ်စဉ်တွေကို ရှင်းပြတာပဲ။ ကိုယ့်ရှုထောင့်ကနေ အထောက်အထားတွေနဲ့ နိုင်ငံတော်ရှုထောင့်၊ နိုင်ငံ့အချုပ်အခြာရှုထောင့်၊ တိုင်းရင်းသားတွေရဲ့ ရှုထောင့်ကနေတင်ပြနိုင်တာ ဒါပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ ဟိုအရင်အစိုးရတုန်းက အဲဒီတင်ပြတဲ့ အဆင့်လောက် မရောက်ခဲ့ဘူး။ အဲဒီတုန်းကလည်း ကျွန်မနားထောင်ခဲ့ပါတယ်။ အဖြစ်အပျက်အမှန်ကို တင်ပြခြင်းအထိ မရောက်ခဲ့ပါဘူး။ ဆက်ပြီးပြောရမယ်ဆိုရင် အခုလောလောဆယ် သည်ဟိတ်ဂ်မြို့မှာ ဖြစ်နေတဲ့ ICJ ကိစ္စ။ မြန်မာနိုင်ငံက ဂမ်ဘီယာနဲ့ အမှုဖြစ်နေတယ်။ အမှုဖြစ်နေတာက ဂမ်ဘီယာက စွပ်စွဲတာ။ ကျွန်မအနေနဲ့ ပထမ ကဏ္ဍဖြစ်ပြီးဒီကိစ္စမှာ အရေးပါအရာရောက်တဲ့ ကိုဖီအာနန်ကော်မရှင်နဲ့ ပတ်သက်ပြီး နည်းနည်း ရှင်းပြချင်ပါတယ်။ ကိုဖီအာနန်ဆိုတာက ကျွန်မကိုယ်တိုင်လည်း ကမ္ဘာ့ကုလသမဂ္ဂမှာလုပ်ခဲ့တော့ ကျွန်မသူနဲ့လည်း စကားပြောဖူးပါတယ်။ သူက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တွေထဲမှာ သတ္တမမြောက် အတွင်းရေးမှူးချုပ်ဖြစ်ပါတယ်။ သူက ၁၉၉၆ ကနေ ၂၀၀၇ ခုနှစ်အထိ လုပ်ခဲ့ပါတယ်။ ပထမအချက် ကျွန်မပြောချင်တာက သူ့ကို Report ကို ဦးဆောင်ဖို့ ဘာကြောင့် ရွေးလိုက်သလဲ ဆိုတာ ရှင်းရှင်းပြောရရင် ကျွန်မသိပ်ပြီးနားမလည်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုဖီအာနန်ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိပဲဖြစ်ဖြစ်၊ UN ကထုတ်တဲ့ အတ္ထုပ္ပတ္တိပဲဖြစ်ဖြစ် အတ္ထုပ္ပတ္တိတစ်ခုခုကို ကြည့်လိုက်မယ်ဆိုရင် ကိုဖီအာနန်က ကုလသမဂ္ဂမှာရှိတဲ့နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို သိပ်အလေးမထားတဲ့ အတွင်းရေးမှူးချုပ်လို့ပဲ ကျွန်မသုံးသပ်ရမှာပဲ။ ဥပမာပြောရမယ်ဆိုရင် ဆားဘီးယားနိုင်ငံပေါ့။ သူကသူ့ဟာသူ နိုင်ငံသက်သက်ရှိတာ။ ဆားဘီးယား နိုင်ငံကို ကိုဆိုဗိုကိစ္စနဲ့ သူတို့ပဋိပက္ခတွေဖြစ်တုန်းက ဒါကပြည်တွင်းရေးပဋိပက္ခ။ နိုင်ငံတော်တော်များများက ပြည်တွင်းရေးပဋိပက္ခလို့ သတ်မှတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဆိုဗိုက အစ္စလာမ်ဘာသာများတဲ့ ပြည်နယ်ဆိုပြီးသူတို့က ခွဲထွက်ချင်တယ်။ ခွဲထွက်ချင်တော့ ဥရောပတိုက်က နိုင်ငံတော်တော်များများက အဲဒီခွဲထွက်မှုကို အားပေးတယ်။ ဆားဘီးယားနဲ့ ဥပမာအာရှတိုက်နိုင်ငံတွေ ဘာတွေကတော့ အားမပေးဘူးပေါ့။ အဲဒီအချိန်မှာ ဆားဘီးယားကို အတင်းအကျပ် ဝင်တိုက်ဖို့ UN မှာလည်း သဘောမတူနိုင်ဘူး။ သဘောမတူနိုင်တော့ ဘာလုပ်သလဲဆိုတော့ ကိုဖီအာနန်ရဲ့ခွင့်ပြုချက်နဲ့ အမိန့်အရ နေတိုးလေယာဉ်ပျံတွေ၊ အထူးသဖြင့် အမေရိကန်လေယာဉ်ပျံတွေက ဆားဘီးယားကို ဗုံးကြဲလိုက်တယ်။ ၁၉၉၉ ခုနှစ်မှာ သူအတွင်းရေးမှူးချုပ်ဖြစ်နေပြီ၊ မတ်လကနေ မေလအထိ ဗုံးကြဲတယ်။ ဗုံးကြဲရင်းနဲ့ တရုတ်သံရုံးကိုသွားထိတယ်။ အရင်ယူဂိုဆလားဗီးယားနိုင်ငံမှာရှိတဲ့ ဆားဘီးယားမြို့တော်ဖြစ်တဲ့ ဘဲလ်ဂရိတ်မြို့တော်မှာ တရုတ်သံရုံးကိုသွားထိတော့ တရုတ်သတင်းထောက် သုံးဦးသေသွားတယ်။ သံရုံးက တရုတ်လူမျိုးတွေ ၂၁ ယောက်လောက် ဒဏ်ရာရတယ်။ ဒါက ကုလသမဂ္ဂကခွင့်ပြုထားတဲ့ ဗုံးကြဲခြင်းလည်း မဟုတ်ဘူး။ သူ့ဟာသူ တစ်ဖက်သတ် အနိုင်ကျင့်တယ်လို့ပဲ တော်တော်များများနိုင်ငံတွေက ယူဆကြတယ်။ ဒီတော့ ကိုဆိုဗိုခွဲထွက်တော့လည်း ဥရောပတိုက်က အားပေးတယ်။ ဗုံးကြဲတဲ့ဖိအားတွေနဲ့ဆိုတော့ ဆားဘီးယားက ကိုဆိုဗိုကို ခွဲထွက် တာတော့ ခွင့်မပြုဘူး။ ဒါပေမယ့် ခွဲထွက်ခံလိုက်ရတယ်။ ဒီနေ့အထိလည်း ကိုဆိုဗိုကို သီးခြားနိုင်ငံ အဖြစ် အသိအမှတ်မပြုတဲ့ အစိုးရတွေက ကမ္ဘာပေါ်မှာ ပိုများတယ်။ အနောက်နိုင်ငံတွေကတော့ အသိအမှတ်ပြုတယ်။ အဲဒီတော့ ကျွန်မဆိုလိုတာက ကိုဆိုဗိုနဲ့ ဆားဘီးယားကိစ္စမှာ နိုင်ငံရဲ့ အချုပ်အခြာဖြစ်တဲ့ ဆားဘီး ယားရဲ့လိုအပ်ချက်တွေကို၊ နောက်ပြီး သူ့ရဲ့ဥပဒေ ဘောင်တွေ၊ ဘာတွေမစဉ်းစားဘဲ တစ်ဖက်သတ် ဒီလိုဗုံးကြဲခိုင်းတာတော့ အဲဒီနိုင်ငံကို မလေးစားလို့ပဲလို့ ကျွန်မတို့ သတ်မှတ်ရမယ်။ ဆားဘီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မလေးစားဘူး။ ဒါ ၁၉၉၉ ဆိုတော့ အဲဒီကတည်းက ကိုဖီအာနန်ကအတွင်းရေးမှူးချုပ်ဖြစ်နေပြီ။ သူက ၂၀၀၇ ခုနှစ်အထိ ဖြစ်တာ။ ဘယ်သောအခါမှ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ခွဲထွက်တဲ့ကိစ္စတွေ၊ ခွဲထွက်ဖို့ တောင်းဆိုတဲ့ ဘင်္ဂါလီ တောင်းဆိုချက်တွေ ဘာတွေ၊ လူမျိုးအရ နိုင်ငံတော်က သတ်မှတ်တဲ့ အခေါ်အဝေါ်နဲ့ မသတ်မှတ်ဘဲ တခြားအခေါ်အဝေါ်နဲ့ သတ်မှတ်တာတွေ၊ ဒီလိုနိုင်ငံတော်အချုပ်အခြာကို လာထိပါးတဲ့ကိစ္စတွေမှာ ရှင်းရှင်းပြောရင် ကော်မရှင်တစ်ခုဖွဲ့ပြီး ကိုဖီအာနန်ကို အဲဒီကော်မရှင်ဥက္ကဋ္ဌအနေနဲ့ ခန့်မယ်လို့ ကျွန်မက မထင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့လုပ်ရပ်တွေအားလုံးက နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို သူအလေးမထားဘူးဆိုတာ ပြနေတယ်လို့ ကျွန်မတို့ ယူဆခဲ့တယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံအစိုးရက ကိုဖီအာနန်ပါဝင်တဲ့ ကော်မရှင်ဖွဲ့မယ်ဆိုတော့ လွှတ်တော်ထဲ မှာ ရခိုင်ပါတီ(ANP)နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)တို့က ကန့်ကွက်ကြတယ်။ မလုပ်ပါနဲ့၊ ကျွန်တော်တို့၊ ကျွန်မတို့သဘောမတူကြဘူးပေါ့လေ။ ဒါပေမယ့် အဲဒီလို ကန့်ကွက်ချက်တွေကို နားမထောင်ဘူး။ လွှတ်တော်ကို ပေးမဆုံးဖြတ်ဘဲ အဲဒီအချိန်က လုပ်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေက ကိုဖီအာနန်ကိုကော်မရှင်ဖွဲ့ခိုင်းပြီးအဲဒီမှာ စုံစမ်းခိုင်းတယ်။ စစ်ဆေးခိုင်းတယ်။ အဲဒါပြီးတော့ အစီရင်ခံစာ ထုတ်ခိုင်းတယ်။ ဒုတိယကဏ္ဍအနေနဲ့ ပြောရမယ်ဆိုရင် ကိုဖီအာနန်ကော်မရှင်ကိုဖွဲ့ပြီးသူတို့က ကွင်းဆင်းပြီး အစီရင်ခံစာထုတ်တော့ ဘယ်လိုဖြစ်လာသလဲ ဆိုတာပြောရမယ်။ ပထမအချက်ကတော့ ကွင်းဆင်း နေတုန်းပဲ ဘင်္ဂါလီမိသားစုတွေ၊ ဘင်္ဂါလီရွာတွေကို သူတို့က သွားပြီး ကိုယ်တွေ့အင်တာဗျူးတွေ၊ ကိုယ်တွေ့ စစ်ဆေးရေးတွေလုပ်တယ်။ သူတို့ အင်တာဗျူးတွေလုပ်နေတုန်း ဖုန်းကဝင်လာတယ်။ ဖုန်းတွေဝင်လာပြီး ချက်ချင်းပဲ သူတို့ကိုယ်သူတို့ မွတ်ဆလင်ခေါ်ရာကနေ ရိုဟင်ဂျာဆိုပြီးခေါ်တယ်။ အဲဒီအချက်ကို ကြည့်လိုက်ရင် အပြင်ကနေ တစ်ဦးဦးက ဒီနာမည်ကိုသုံးအောင် ကြိုးကိုင်နေတဲ့ သဘောရှိတယ်။ တတိယအချက်က အဲဒီအစီရင်ခံစာထွက်လာတော့ နိုင်ငံတော်အနေနဲ့ ဒါတွေကို အကောင်အထည် ဖော်ဖို့ အင်မတန်ခက်တဲ့ အချက်တွေပါတယ်။ အဲဒီအချက်တွေက ဘာတွေလဲဆိုတာ ကျွန်မအနေနဲ့ အနည်းငယ်ပြောလိုပါတယ်။ ဒါပေမယ့် အဲဒီလိုမပြောခင် အကောင်အထည်ဖော်လို့ ခက်တယ်ဆိုတော့ အကောင်အထည်မဖော်တော့ ဘာဖြစ်သလဲဆိုရင် နိုင်ငံတော်အနေနဲ့ အပြောခံရတာပေါ့။ ကိုဖီအာနန်လို အထင်ကရပုဂ္ဂိုလ်ကြီး ထောက်ခံတဲ့အစီရင်ခံစာ၊ သူကိုယ်တိုင်ပါခဲ့တဲ့ အစီရင်ခံစာမှာဘာကြောင့် ဒီလိုထောက်ခံတဲ့အတိုင်း မလုပ်သလဲဆိုတာ အဲဒီလိုမေးစရာတွေဖြစ်လာတယ်။ ဖြစ်လာတော့ အဲဒီအချိန်မှာ နိုင်ငံတော်က ခေါင်းဆောင်တွေ ကလည်းပြောတယ်။ အဲဒီအတိုင်းလုပ်ပါမယ်ဆိုပြီး ကတိပေးတယ်။ အခုအချိန်ကတော့ အချိန်တွေလည်း အများကြီး ကုန်ခန်းသွားပါပြီ။ ရခိုင်ပြည်နယ် အခြေအနေကလည်း အင်မတန်ပြောင်းလဲသွားပါပြီ။ အဲဒါတွေကို အကောင်အထည်ဖော်လို့ လွယ်သလား၊ မလွယ်ဘူးလားဆိုတာ နိုင်ငံသားတွေ ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ပါ” ဟု နိုင်ငံတော်ယာယီသမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်က ပြောကြားသည်။

၂။
ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်သည်ဟူသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်တွင် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြိုရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နှင့် ပတ်သက်၍ ICJ တွင် ယခုတစ်ကြိမ် တရားရုံးကြားနာမှုသည် တတိယအကြိမ်ကြားနာမှုဖြစ်သည်။ ထိုစွပ်စွဲချက်အတွက် ၂၀၁၉ ခုနှစ် ပထမအကြိမ် တရားရုံးကြားနာမှုတွင် မဲမသမာမှုကြောင့် ဖြုတ်ချခံခဲ့ရပြီး ယခုထောင်ကျနေသော NLD အစိုးရအဖွဲ့ဟောင်းခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ကြားနာခဲ့ပြီး အဆိုပါ ကြားနာမှုတွင် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်များအား ငြင်းဆိုလျှောက်လဲခဲ့သည်။
ဒုတိယအကြိမ်ကြားနာမှုကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့ပြီး ထိုစဉ်က အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ တက်ရောက်ကြားနာခဲ့ကာ အဆိုပါ ကြားနာမှုတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုခွင့်မရှိကြောင်း အပါအဝင် အချက်လေးချက်ကို မြန်မာကိုယ်စားလှယ်အဖွဲက လျှောက်လဲခဲ့သည်။
ထိုနောက် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲမှုဖြစ်သည့် လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက် မမြောက် မဆုံးဖြတ်နိုင်သေးမီ မြန်မာနိုင်ငံက ကြားဖြတ်ဆောင်ရွက်ရမည့် အစီအမံလေးရပ်ကို ၂၀၂၀ ပြည့်နှစ်တွင် ICJ က ဆုံးဖြတ်ချက်ချပေးခဲ့ပြီး ထို ကြားဖြတ်အစီအမံလေးရပ်မှာ ဘင်္ဂါလီများအား လူမျိုးသုဉ်းသတ်ဖြတ်မှုမှ အကာအကွယ်ပေးရန်၊ မြန်မာနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲများက လူမျိုးသုဉ်းသတ်ဖြတ်မှုများ မပြုလုပ်ရန်၊ သက်သေအထောက်အထားများအား မပျက်စီးအောင် ထိန်းသိမ်းရန်နှင့် အထက်ပါ အချက်သုံးချက်ကို လေးလအတွင်း မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို ICJ သို အစီရင်ခံစာ တင်သွင်းရန်နှင့် အမှုမပြီးပြတ်မီအကြား မြန်မာနိုင်ငံက ခြောက်လ တစ်ကြိမ် အစီရင်ခံစာတင်သွင်းရန် ICJ က ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြိုရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ဇန်နဝါရီ ၁၂ ရက်တွင် စတင်ပြုလုပ်မည့် ကြားနာပွဲသို တက်ရောက်ရန် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြိုမှ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြိုသို ထွက်ခွာသွားကြသည်။ အဆိုပါ တရားရုံးကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိလည်း ကောင်း၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိလည်းကောင်း နှစ်ကြိမ်လျှောက်လဲမည်ဖြစ်သည်။ အဆိုပါ ကြားနာပွဲ၊ လျှောက်လဲပွဲများတွင် ဂမ်ဘီယာနိုင်ငံဘက်က တင်ပြချိန် မြန်မာနိုင်ငံ၏ ဘာသာရေးခေါင်းဆောင် သီတဂူဆရာတော်၏ မသက်ဆိုင်သော တရားပွဲဟောကြားမှုကို သက်သေအဖြစ် တင်သွင်းခြင်း၊ ARSA အကြမ်းဖက်အဖွဲ့၏ ကနဦးကျူးလွန်မှုများကို ထိမ်ချန်ခြင်း၊ မြန်မာ့မြေပေါ် နိုင်ငံသစ်ထူထောင်လိုသည့် အစ္စလာမ္မစ်အစွန်းရောက်တို့၏ ကြိုးဆွဲရာကနေသည့် ဘင်္ဂါလီတို့၏ လုပ်ရပ်တို့ကို ချန်လှပ်ခြင်းများကြောင့် မြန်မာနိုင်ငံအတွင်း ဂမ်ဘီယာအပေါ် ရှုတ်ချမှုများနှင့် ICJ ကို တရားမျှတစွာဆုံးဖြတ်ရန် တောင်းဆိုမှုများလည်း ထွက်ပေါ်လာခဲ့သည်။ ထို့အတူ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနှင့် မြန်မာတို့အကြား တရားရင်ဆိုင်နေခြင်းနှင့်ပတ်သက်၍ ကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ပြောကြားသည့်မိန့်ခွန်းတွင်လည်း ဘင်္ဂါလီ ARSA တို့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် “နယ်မြေရှင်းလင်းရေး” (Clearance Operations)များ ပြုလုပ်ခဲ့ရခြင်းသာဖြစ်ကြောင်းနှင့် အစိုးရကလိုအပ်၍ တုံ့ပြန်ဆောင်ရွက် မှုများမှာ အင်အားအလွန်အကျွံ သုံးခဲ့မည်ဆိုလျှင်ပင် လူမျိုးသုဉ်းစေမှု မြောက်မည်မဟုတ်ဟု ချေပခဲ့သည်။
“ဥက္ကဋ္ဌ (ICJ)ကြီးနှင့် တရားသူကြီးမင်းများ ခင်ဗျား။ ဒီအမှုဟာ အခြေအမြစ်မရှိသော စွပ်စွဲချက်များထက် ခိုင်လုံသော၊ သက်သေပြနိုင်သော အချက်အလက်များပေါ်တွင်သာ မူတည်ပါတယ်။ တိကျခိုင်မာသော အချက်အလက်များကို စိတ်ထိခိုက် လှုပ်ရှားဖွယ်စကားလုံးများနဲ့ အချက်အလက် ခိုင်မာမှုမရှိတဲ့ သရုပ်ဖော်ပြောကြားမှုများနဲ့ အစားထိုးနိုင်မည်မဟုတ်ပါ။ ဒီအမှုဟာဥပဒေရဲ့မှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုခြင်းအပေါ် မူတည်နေပြီးဂမ်ဘီယာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်များဟာ ရုံးတော်ရဲ့ယခင်စီရင်ထုံးများကို လျစ်လျူရှုပြီးဥပဒေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ၎င်းတို့ လိုရာဆွဲထားခြင်းဖြစ်ကြောင်းကို မိမိတို့ရဲ့ရှေ့နေများက လျှောက်လဲတင်ပြသွားမှာဖြစ်ပါတယ်။ ဒီအမှုကို ဆုံးဖြတ်ရာမှာ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက် မှုများကို ချန်လှပ်ထားလို့မရပါ။ အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် “နယ်မြေရှင်းလင်းရေး” (Clearance Operations)များ ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ အထူးရှင်းပြလိုတာကတော့ ဒီအသုံးအနှုန်းဟာ စစ်ဘက်ဆိုင်ရာအသုံးအနှုန်း (Term of military art) တစ်ခုသာဖြစ်ပြီး၊ သောင်းကျန်းမှုနှိမ်နင်းရေး သို့မဟုတ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို ရည်ညွှန်းပါ တယ်။ ဒီအသုံးအနှုန်းကို ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုမှု ရှိပါတယ်။ ဂမ်ဘီယာအနေနဲ့ တိကျမှုမရှိတဲ့အချက်အလက်များကို အခြေခံပြီးတရားရုံးကို ဆုံးဖြတ်ချက် ချစေရန် ကြိုးပမ်းနေပါတယ်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် စစ်ဆင်ရေးများနှင့်ပတ်သက်လို့ ဂမ်ဘီယာက ARSA အကြမ်းဖက်အဖွဲ့၏ လုပ်ဆောင်ချက်များကို ငြင်းဆိုထားခြင်းမရှိသော်လည်း အစိုးရကလိုအပ်၍ တုံ့ပြန်ဆောင်ရွက် မှုများကိုမူ ငြင်းဆိုလိုတဲ့သဘောရှိပါတယ်။ သို့သော် မြန်မာနိုင်ငံ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်သမားများကို စိတ်ကြိုက်ခြယ်လှယ်ခွင့် ပေးထားသင့်တယ်လို့ ဂမ်ဘီယာကဆိုလိုနေခြင်း မဟုတ်နိုင်ပါ။ တုံ့ပြန်ရာမှာ အင်အားအလွန်အကျွံသုံးခဲ့ တယ်လို့ ဂမ်ဘီယာက အဓိကပြောလိုခြင်းသာ ဖြစ်ပါတယ်။ အကယ်၍ အင်အားအလွန်အကျွံ သုံးခဲ့မည်ဆိုလျှင်ပင် လူမျိုးသုဉ်းစေမှု မြောက်မည်မဟုတ်ပါ။ ပဋိပက္ခများရဲ့ နောက်ဆက်တွဲအနေနဲ့ သေဆုံးမှုများရှိခဲ့ပြီး၊ လူအများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသည်မှာ အမှန်ပင်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ အခြားသော လက်နက်ကိုင် ပဋိပက္ခများနှင့် မတည်ငြိမ်မှုများ၊ မြန်မာနိုင်ငံရဲ့ အခြားဒေသများတွင် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်များကဲ့သို့ပင် ဒေသခံပြည်သူများအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့ပါတယ်။ လက်နက်ကိုင်ပဋိပက္ခ၊ ဒေသတွင်း မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုများကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက် သေဆုံးမှုများကို မြန်မာနိုင်ငံအနေဖြင့် ကောင်းစွာသိရှိပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ အခြားဒေသများတွင်လည်း သမိုင်းတစ်လျှောက် လက်နက်ကိုင်ပဋိပက္ခများရှိခဲ့ပြီး ယနေ့အချိန်အထိလည်း ရှိနေဆဲဖြစ်ပါတယ်။ အစိုးရအနေဖြင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရရှိရန်အတွက် ပါဝင်ပတ်သက်သူများအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးမှုများကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ သို့သော် ငြိမ်းချမ်းရေးဆီသို့ လျှောက်လှမ်းရာ လမ်းကြောင်းများဟာ ရှုပ်ထွေးပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင်များအတွက် မည်ကဲ့သို့ရှေ့ဆက်ရမည် သို့မဟုတ် မည်သည်တို့ကို မျှော်လင့်ရမည် စသည့်ကိစ္စရပ်များကို ယခုတရားရင်ဆိုင်နေသည့် ပြဿနာရပ်ရဲ့ ကျဉ်းမြောင်းသော အမြင်တစ်ခုတည်းနဲ့တရားရုံးက ဆုံးဖြတ်ခြင်းမပြုနိုင်ပါ။ တရားရုံးအနေဖြင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင်များကို ကိုယ်စားပြုသည်ဟု မမှတ်ယူနိုင်ပါ။ ထို့အတူ တရားရင်ဆိုင်ခြင်းတွင် ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းများကလည်း ၎င်းတို့ကို ကိုယ်စားပြုသည်ဟု မမှတ်ယူနိုင်ပါ။”ဟု ဦးကိုကိုလှိုင်က မိန့်ခွန်းဖြင့် ချေပခဲ့သည်။

ထို့အပြင် ဂမ်ဘီယာက မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီမွတ်ဆလင်များအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး မြန်မာနိုင်ငံက ၎င်းတို့၏ တည်ရှိမှုနှင့် မြန်မာနိုင်ငံမှာ နေထိုင်ခွင့်ကို အသိအမှတ်မပြုကြောင်းနှင့် ဘင်္ဂါလီမွတ်ဆလင်များကို နိုင်ငံသားဖြစ်ခွင့်မပေးဟု လွဲမှားစွာ စွပ်စွဲထားသည်ကိုလည်း ဦးကိုကိုလှိုင်က” ဂမ်ဘီယာက မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင်များအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး မြန်မာနိုင်ငံက ၎င်းတို့ရဲ့တည်ရှိမှုနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခွင့်ကို အသိအမှတ်မပြုဘူးလို့ စွပ်စွဲထားပါတယ်။ ဒီစွပ်စွဲချက်ဟာ မှန်ကန်မှု မရှိပါ။ ၎င်းတို့ဟာ မြန်မာနိုင်ငံရဲ့နယ်မြေအတွင်း နေထိုင်ခွင့်ရှိသူတွေ ဖြစ်ကြောင်းကို မြန်မာနိုင်ငံအနေနဲ့ အသိအမှတ်ပြုပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီများဟာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်မှာ နေထိုင်သူများနဲ့ ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာရေးတို့အရ တူညီတဲ့အုပ်စုတစ်ခုအဖြစ် မြန်မာနိုင်ငံအနေနဲ့ မှတ်ယူပါတယ်။ ယင်းသို့တိုင်အောင် လူမျိုးသုဉ်းစေမှုဆိုင်ရာ စာချုပ်ရဲ့ အဓိပ္ပာယ် အောက်မှာ မြန်မာနိုင်ငံအနေနဲ့ ၎င်းတို့ဟာ ထိုအုပ်စုဝင်ဖြစ်ကြောင်း လက်ခံပါတယ်။ တစ်နည်းအားဖြင့် တရားရုံးအနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နေထိုင်နေကြသူတွေဟာ စာချုပ်ရဲ့ အဓိပ္ပာယ် ကောက်ယူမှုအရ အကာအကွယ်ပေးထားတဲ့ အုပ်စုတစ်စုလို့ ဆုံးဖြတ်ခဲ့လျှင်ပင် ၎င်းတို့ရဲ့ ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာရေးတွေဟာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်မြေမှာ နေထိုင်နေသူတွေနဲ့ မတူကွဲပြားတယ်လို့ မမှတ်ယူနိုင်ပါ။ ဤအခြေခံဖြင့်ယူဆမယ်ဆိုရင် တရားရုံးအနေဖြင့် နယ်စပ်တစ်ဖက်တစ်ချက်မှာ နေထိုင်သူများရဲ့ ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာရေးတွေကို နှိုင်းယှဉ်သုံးသပ်ဖို့ လိုတော့မှာမဟုတ်ပါဘူး။ ဂမ်ဘီယာက မြန်မာနိုင်ငံအနေနဲ့ “ရိုဟင်ဂျာ” ဟူသောအမည်ကို တရားဝင်အသုံးမပြုဘဲ “ဘင်္ဂါလီ” ဟုသာ အသုံးပြုတယ်လို့ ကန့်ကွက်ပါတယ်။ ဒါပေမယ့် ဒီလိုသုံးနှုန်းရတာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိတယ်ဆိုတဲ့အချက်ကိုတော့ဂမ်ဘီယာကမရှင်းပြခဲ့ပါ။ အုပ်စုတစ်ခုကို အမည်တစ်ခုတပ်ပြီး ခေါ်ဝေါ်သုံးစွဲမှုမပြုခြင်းဟာ ယင်းလူမျိုးများ ဖြစ်တည်မှု/ဖြစ်တည်ခွင့်မရှိဟု သော်လည်းကောင်း သို့မဟုတ် ဒီအုပ်စုကို ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဇီဝပိုင်းဆိုင်ရာ ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိသည်ဟုသော်လည်းကောင်း မယူဆနိုင်ပါ။ ဂမ်ဘီယာက မြန်မာသည် ၎င်းအုပ်စုရဲ့ အဖွဲ့ဝင်များကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုကြောင်းလည်း စွပ်စွဲထားပါတယ်။ ဒီကိစ္စဟာ တရားရုံးရှေ့မှောက်မှာရှိနေတဲ့အမှုနဲ့ မသက်ဆိုင်သင့်ပါ။ လူမျိုးသုဉ်းစေမှုကို တားဆီးခြင်းဆိုင်ရာ စာချုပ်ဟာ စာချုပ်ဝင်နိုင်ငံတွေအပေါ် မည်သည့်အုပ်စုကို နိုင်ငံသားသတ်မှတ်ပေးပါလို့ ပြောကြားခွင့်မရှိပါဘူး။ နိုင်ငံသားဖြစ်မှုဆိုတာ သတ်မှတ်ထားတဲ့ စံနှုန်းများနဲ့ ပြည့်မီခြင်းရှိ-မရှိအပေါ် မူတည်တဲ့ တစ်ဦးချင်းစီရဲ့ အခွင့်အရေးသာဖြစ်ပါတယ်။ အကာအကွယ်ပေးထားတဲ့ အုပ်စုဝင် ဖြစ်ခြင်း-မဖြစ်ခြင်းနဲ့ နိုင်ငံသားဖြစ်ခွင့် ရှိခြင်း-မရှိခြင်းတို့ဟာ သီးခြားကိစ္စတွေဖြစ်ပါတယ်။ အုပ်စုတစ်စုကို အလိုအလျောက်နိုင်ငံသား ဖြစ်ခွင့်မပေးခြင်းဟာ ၎င်းတို့ တည်ရှိပိုင်ခွင့်မရှိဟုသော်လည်းကောင်း၊ ၎င်းတို့ကို ဖျက်ဆီးလိုခြင်းသော်လည်းကောင်းဆိုလိုခြင်း မဟုတ်ပါ။ ယခုကိစ္စဟာ ဒီအမှုနဲ့သက်ဆိုင်ခြင်းမရှိသော်လည်း ဂမ်ဘီယာရဲ့ ပြောဆိုချက်များဟာ မမှန်ကြောင်း ကျွန်တော့်အနေနဲ့ အလေးပေးပြောကြားလိုပါတယ်။ အမှန်တကယ်မှာတော့ ဘင်္ဂါလီအများအပြားဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံသားအမျိုးအစားသုံးမျိုးအနက် တစ်မျိုးမျိုးရရှိထားကြပါတယ်။ တချို့ကလည်း နိုင်ငံသားဖြစ်ခွင့် လျှောက်ထားရန် သတ်မှတ်ချက်နဲ့ ကိုက်ညီသူများ ဖြစ်ကြပါတယ်။ တချို့ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်စံနှုန်းများနဲ့ မကိုက်ညီကြသူများ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာလည်း အကြောင်းရင်းများ ရှိပါတယ်။ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူများအတွက် ပထမအဆင့်ဟာ နိုင်ငံသားစိစစ်မှုခံယူမည့် ကတ်ပြား(NVC)ကို လျှောက်ထားရမှာ ဖြစ်ပါတယ်။ ယခုအခါနိုင်ငံအတွင်းမှာ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူ နှစ်သိန်းနီးပါးနဲ့ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်မှုခံယူမည့် ကတ်ပြား(NVC) ကိုင်ဆောင်သူ ငါးသောင်းနီးပါး ရှိပါတယ်။ သို့ပေမယ့် NVC ကတ်လျှောက်ထားပြီး နိုင်ငံသားဖြစ်ရန် အရည်အချင်းမပြည့်မီသူများအနေနဲ့လည်း NVC ကတ်ကိုင်ဆောင်သူများအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဥပဒေနဲ့အညီ ဆက်လက်နေထိုင် ခွင့်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီအများ အပြားဟာ NVC လုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ဖို့ ငြင်းဆန်ကြပါတယ်။ အချို့က ဘင်္ဂါလီများကို လျှောက်ထားရန်မလိုဘဲ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ပေးသင့်တယ်ဆိုတဲ့ နိုင်ငံရေးအကြောင်းပြချက်နဲ့ ငြင်းကြပါတယ်။ အချို့က တက်ကြွလှုပ်ရှားသူများရဲ့ ဖိအားပေးမှု ကြောင့် ငြင်းဆန်ကြပါတယ်။ အချို့က NVC လျှောက်ထားသူတိုင်းဟာ နိုင်ငံသားဖြစ်ခွင့်မရတော့ကြောင်း တက်ကြွလှုပ်ရှားသူများရဲ့ သတင်းမှားတွေကြောင့် ငြင်းဆန်ကြပါတယ်။ ဒီအချက်အားလုံးဟာ လူမျိုးသုဉ်းစေမှုနဲ့ မည်သို့မှ မသက်ဆိုင်ပါ။”ဟု ရှင်းလင်းငြင်းဆိုခဲ့သည်။
၃။

မိမိနိုင်ငံအတွင်းတွင်ပင် လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးကို ကောင်းစွာဖြည့်ဆည်းပေးနိုင်မှု မရှိသော ဂမ်ဘီယာက ဘင်္ဂါလီ ARSA ၏ မြန်မာ့နယ်မြေလုယက်ပြီး နယ်မြေသစ်ရှာ နိုင်ငံသစ်ထူထောင်ရန် ကြံစည်မှုသည် OIC ထံမှ ငွေကြေးရလိုမှုကြောင့်ဖြစ်သည်ကိုလည်း OIC နှင့် ဂမ်ဘီယာက ဒေါ်လာသန်းချီတောင်းခံထောက်ပံ့ကြသည့်သတင်းများက သက်သေပြနေသည်။ ထိုသတင်းများကြောင့်ပင် ဂမ်ဘီယာ၏လုပ်ရပ်သည် နိုင်ငံတကာ ဥပဒေကြောင်းအရ တရားမျှတမှုကို ရှာဖွေခြင်းထက် “အမှုစွဲဆိုခြင်းဖြင့် ရန်ပုံငွေရှာဖွေခြင်း” (Lawfare for Profit) ဟူသော သဘောသဘာဝနှင့် မိမိနိုင်ငံနာမည်ကောင်းရလိုမှုအတွက် နိုင်ငံတကာတရားစီရင်ရေးစနစ်ကို လက်နက်သဖွယ် အသုံးချခြင်း (Weaponization of Law) အသွင်ဖြစ်ပေါ်လာနေသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကိုထိပါးပြီး မြန်မာ့မြေပေါ် နိုင်ငံသစ်ဖဲ့ယူရန် ဘင်္ဂါလီ ARSA တို့၏ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် တပ်မတော်က လိုအပ်သလို တုံ့ပြန်မှုသည် လူမျိုးသုဉ်းသတ်မှုမမြောက်ကြောင်းနှင့် အစွန်းရောက်မွတ်ဆလင်ဘင်္ဂါလီတို့ကသာ လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ကြသည်ဟုလည်း အမေရိကန်နိုင်ငံသား စာရေးဆရာ Mr. Rick Heizman က ရှင်းပြသည်။
“ကျွန်တော်က အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမှ အမေရိကန်နိုင်ငံသား Rick Heizman ဖြစ်ပါတယ်။ အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ နေထိုင်နေပါတယ်။ ၁၉၈၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို အကြိမ် တော်တော်များများ ရောက်ဖူးပါတယ်။ ရခိုင်ပြည်နယ်ကိုလည်း ၁၉၉၆ ခုနှစ်ကစပြီး အကြိမ်တော်တော်များများ ရောက်ဖူးပါတယ်။
အခုရခိုင်တွေနဲ့ ဘင်္ဂါလီတွေအကြား ပဋိပက္ခတွေအကြောင်း ပြောပါမယ်။ မှတ်သားရမယ့်အချက် တစ်ချက်ရှိတာကတော့ ဒီပဋိပက္ခက အချိန်အကြာကြီး တည်ရှိနေတာဖြစ်ပြီး အခြေခံအားဖြင့် ဒုတိယ ကမ္ဘာစစ်ကာလကတည်းက ရှိနေတာဖြစ်တယ်။ မကြာသေးမီကပဲ အဲဒီမှာ ဘင်္ဂါလီတွေရဲ့ အဓိက တိုက်ခိုက်မှု သုံးကြိမ်ဖြစ်ပွားခဲ့တယ်။ ၂၀၁၂၊ ၂၀၁၆ နဲ့ ၁၀ လအကြာ ၂၀၁၇ ခုနှစ်တွေပါ။ ၂၀၁၇ ခုနှစ်တိုက်ခိုက်မှုဟာဆိုရင် လုံးဝကို အံ့အားသင့်ဖွယ်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး အကြမ်းဖက်မှုလို့ သမိုင်းမှာ ခေါ်ဆို ရမလောက်ပဲ။ အဲဒီအချိန် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ နံနက်စောစောမှာ အံ့ဩဖွယ်တိုက်ခိုက်မှု တွေ စတင်ခဲ့ပြီး ပစ်မှတ် ၁၅၀ လောက်ကို တိုက်ခိုက်ခဲ့တယ်။ အဲဒီမှာ ရွာတွေ၊ တပ်အခြေစိုက် စခန်းတွေ လည်းပါတယ်။
တပ်အခြေစိုက်စခန်းနဲ့ ရဲစခန်း ၃၀ တိုက်ခိုက် ခံရပြီး ရွာပေါင်း ၈၀ လောက် အဲဒီနံနက်မှာပဲ တိုက်ခိုက်ခံခဲ့ရတယ်။ တချို့ရွာတွေကတော့ နောက်နေ့ နံနက်မှ တိုက်ခိုက်ခံခဲ့ရတယ်။ (သတင်းလည်း မရကြ တော့။) ကမ္ဘာ့အကြီးမားဆုံးအကြမ်းဖက်မှုအဖြစ် မှတ်သားရမယ်လို့ ပြောရတဲ့ အကြောင်းရင်းကတော့ မယုံနိုင်ရလောက်တဲ့ ကိန်းဂဏန်းတွေကြောင့်ပဲ ဖြစ်တယ်။ တချို့သော ဘင်္ဂါလီအကြမ်းဖက်တွေ ရာချီကလည်း ပစ်မှတ် ၁၅၀ ကို တိုက်ခိုက်ခဲ့တယ်။ သူတို့မှာ ခေတ်မီလက်နက်တွေမရှိဘူး။ တချို့မှာတော့ ရိုင်ဖယ်ပြောင်းရှည်သေနတ်တွေရှိတယ်။ ဒါပေမယ့်လည်း လက်နက်အများစုက တုတ်၊ ဓားနဲ့တောခုတ်ဓားလိုလက်နက်တွေပဲဖြစ်တယ်။ အားလုံး ထိတ်လန့်အံ့ဩကုန်ကြတယ်။ အဲဒီအဖြစ်အပျက်ကို ပြန်တွေးတိုင်း နယူးယောက်က အကြမ်းဖက်မှု ဖြစ်ရပ် 9 / 11 ကို ပြန်သတိရမိတယ်။ ဒါဟာအလွန် ကြီးမားတယ်၊ ဘာလို့လဲဆိုတော့ ပြန်ပေးဆွဲသူ ၁၉ ဦး၊ မတူညီတဲ့ ပစ်မှတ်နေရာတွေကြောင့်ပါ။ ဒါပေမယ့် ပစ်မှတ် ၁၅၀၊ ၁၆၀ နဲ့ တကယ်တော့လူပေါင်းတစ်သိန်းလောက်နဲ့ ကျေးရွာတွေ၊ ပြည်သူ တွေဟာ သူတို့ရဲ့ တိုက်ခိုက်မှုတွေခံရတယ်။ ဓားနဲ့ခုတ်သတ်ခံခဲ့ကြရတယ်။ တချို့တွေက ပစ်သတ်ခံခဲ့ ရတယ်။ ဘင်္ဂါလီတွေရဲ့ ဆက်လက်တိုက်ခိုက်မှုတွေနဲ့ ရွာတွေကို မီးရှို့မှုတွေကြောင့် နှစ်ပတ်လောက် အခြေ အနေ တင်းမာလာခဲ့တယ်။
မြန်မာ့တပ်မတော်ဟာ နိုင်ငံတိုင်းရဲ့ တပ်မတော်တွေ လုပ်ဆောင်တဲ့အတိုင်း ဝင်ရောက်လုပ်ဆောင်ခဲ့တယ်။ နိုင်ငံတိုင်းမှာ သောင်းကျန်းသူတွေကို တွန်းလှန်ဖို့နဲ့ ဖြစ်ပွားလျက်ရှိတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်အောင် ဆောင်ရွက်ဖို့ တပ်မတော်ရှိကြပါတယ်။ တပ်မတော်မှာ သောင်းကျန်းသူတွေကို လိုက်လံရှာဖွေပြီး ဖယ်ရှားရမယ့်တာဝန်ရှိတယ်။ ဒီလိုဘင်္ဂါလီအကြမ်းဖက်သမားတွေကို တွန်းလှန်ဖို့ တပ်မတော်အနေနဲ့ သီတင်းပတ်နှစ်ပတ်လောက် အချိန်ယူခဲ့ရတယ်။ အခုလို အလားတူဖြစ်ရပ်မျိုး ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်မှာလည်း ဖြစ်ခဲ့တယ်။ သေသေချာချာကြည့်မယ်ဆိုရင် ဒီအဖြစ်အပျက် သုံးရပ်လုံးဟာ ဘင်္ဂါလီအကြမ်းဖက်သမားတွေက စတင်ခဲ့တယ်ဆိုတာ ရှင်းရှင်းတွေ့ရပါတယ်။ သူတို့က ဗလီတွေကို သူတို့ရဲ့ ဌာနချုပ်တွေအဖြစ် အသုံးချပြီး လုပ်ဆောင်ဖို့ အစီအစဉ်တွေရှိနေခဲ့တာပါ။ ရွာထဲက ဗလီတွေက ပြည်သူတွေကို ဦးနှောက် ဆေးတာနဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိတယ်။
ဖမ်းဆီးမိထားတဲ့ အကျဉ်းသားတွေကို ကျွန်တော်တို့က မေးခွန်းတွေမေးမြန်းပြီး မှတ်သားခဲ့တယ်။ သူတို့အားလုံးက သူတို့ရဲ့ ဗလီနဲ့ ဗလီဆရာတွေ ကိုသာ ဖော်ပြကြတယ်။ ဗလီဆရာတွေက တိုက်ခိုက် မှုတွေလုပ်ဆောင်ဖို့ ပြည်သူတွေကို ဦးနှောက်ဆေးပြီး အယူဝါဒသွတ်သွင်းခဲ့ကြတယ်။ ဗုဒ္ဓဘာသာဝင်တွေ၊ လူနည်းစုဟိန္ဒူတွေနဲ့တခြားသော မျိုးနွယ်စုတွေ၊ သူတို့ဘာသာဝင်မဟုတ်သူအားလုံးကို ဖယ်ထုတ်ချင်တဲ့ သူတို့ရဲ့ ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။ အကျဉ်းသားတွေနဲ့ အင်တာဗျူး ဖြေကြားသူတွေရဲ့ တုံ့ပြန်မှုတွေမှာလည်း အခုလို ပြောဆိုမှုတွေတွေ့ရတယ်။ ဗလီတွေမှာ ရည်မှန်း ချက်တွေကို သင်ကြားပေးနေတဲ့ ခေါင်းဆောင်တွေ ရှိတယ်။ အဲဒီရည်မှန်းချက်ဆိုတာ မြန်မာကနေခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခု၊ ရှာရီယာဥပဒေနဲ့ အစ္စလာမ်နိုင်ငံတစ်ခုဖြစ်လာဖို့ပဲ ဖြစ်တယ်။ သူတို့လိုချင်တာဒါပဲ။ ဒါဟာသူတို့ ဘာလို ချင်တယ်ဆိုတာကို ပြောတာပဲ။
၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တိုက်ခိုက်မှု မတိုင်ခင်မှာ အာဆာ ARSA ရဲ့ ခေါင်းဆောင်ဟာ အကြမ်းဖက်အုပ်စုဖြစ်တဲ့ အာရကန်ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ဝင်ဖြစ်တယ်။ အဲဒီမတိုင်ခင်မှာ ခေါင်းဆောင်ဖြစ်သူရဲ့ ဖုန်းကို ခိုးနားထောင်ခံခဲ့ရပြီး ARSA ရဲ့ ခေါင်းဆောင်ဟာ Atais ဆိုတာ မသိခဲ့ဘူး။ မတိုက်ခိုက်မီအရင်နေ့မှာ အရေးကြီးဖုန်းခေါ်ဆိုမှု သုံးခုကိုတွေ့ရပြီး နှစ်ခုက ပါကစ္စတန်နိုင်ငံက ဗိုလ်ချုပ်နဲ့ပြောခဲ့တာဖြစ်တယ်။ နောက်တစ်ခုက ဆီးရီးယားရှိ ISIS ခေါင်းဆောင်နဲ့ ပြောခဲ့တာဖြစ်ပါတယ်။ ဒါတွေဟာ အဝင်ခေါ်ဆိုမှုတွေဖြစ်တယ်။ သူတို့ဆီကို ခေါင်းဆောင်တွေရဲ့ ခေါ်ဆိုမှု၊ စာပို့မှုတွေဖြစ်ပြီး ဘာသာပြန်တဲ့အခါ သူတို့ရဲ့တိုက်ခိုက်မှု တွေအတွက် ကြိုတင်ပြီး ဂုဏ်ပြုစကားပြောတာ တွေပဲဖြစ်တယ်။ ပါကစ္စတန်ဗိုလ်ချုပ်ကလည်း တိုက်ခိုက်မှုကို ရှေ့ဆက်ဖို့ဆန္ဒရှိတယ်။ သူတို့က တစ်ပတ်အကြာမှာ အခုလိုတိုက်ခိုက်မှုမျိုးစီစဉ်ပြီး ဖြစ်တယ်။ မနက်ဖြန်မှာ တိုက်ခိုက်မှုလုပ်ဆောင်မယ်…..။ ဒီအစီအစဉ်ဟာ ပစ်မှတ်အများကြီးကို စီစဉ်ထားတာဖြစ်တယ်။ ဒါပေမယ့် ခေါင်းဆောင်ဟာ ဘက်ပြောင်းသွားသူတွေရဲ့ သတင်းပေးမှုကို ကြောက်လန့်ပြီး အစီအစဉ်ပြောင်းလဲလိုက်တာပါ။ ဒီလုပ်ရပ်တွေအားလုံးဟာ လူမျိုးတုံးသတ်ဖြတ်ဖို့ ကြံစည်မှုပဲဖြစ်တယ်။
လူမျိုးတုံးသတ်ဖြတ်ရန် ကြံစည်မှုဆိုတဲ့ စကားစုဟာ ဒီနေရာမှာ အလွန်အရေးကြီးပါတယ်။ ဆိုလိုတာက လူမျိုးတုံးသတ်ဖြတ်ရန် ကျူးလွန်ဖို့ ကြံစည်တာပါ။ ဘင်္ဂါလီတွေက အဲဒီဒေသမှာရှိတဲ့ သူတို့ ဘာသာဝင်မဟုတ်တဲ့ ပြည်သူတွေကို လူမျိုးတုံး သတ်ဖြတ်ချင်တာပါ။ ဒါပေမယ့်သူတို့ ကျရှုံးခဲ့တယ်။ ဒါ့ကြောင့်မို့ လူမျိုးတုံးသတ်ဖြတ်ရန် ကြံစည်မှုလို့ခေါ်တာပါ။ အခုလည်း ဘင်္ဂါလီတွေက သူတို့ဟာ လူမျိုးတုံးသတ်ဖြတ်ရန် ကြံစည်မှုရဲ့ပစ်မှတ်တွေ ဖြစ်နေပါတယ်လို့ ပြောနေကြောင်း သိပါတယ်။ ဒါဟာ အမှန်တရားမဟုတ်ပါဘူး။
ရှိနေတဲ့ သက်သေတွေအားလုံးကို ကြည့်မယ်ဆိုရင် ဘင်္ဂါလီလူမျိုးတွေရဲ့ ပြောဆိုချက်တွေပဲဖြစ် တယ်။ ဒါပေမယ့် လူမျိုးတုံးသတ်ဖြတ်ရန် ကြံစည်မှု မဟုတ်ပါဘူး။ တကယ်လို့ မြန်မာ့တပ်မတော်ကသာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ချင်တယ်ဆို အလွယ်လေးပါ။ ဒီလူတွေအားလုံးကို နယ်စပ်ဖြတ်ကျော်သွားဖို့၊ သတ်ဖြတ်ဖို့ ဒါမှမဟုတ် တစ်ခုခုလုပ်လို့ရပါတယ်။ ဒါပေမယ့် မလုပ်ခဲ့ပါဘူး။ ဒါဟာ ဘယ်နိုင်ငံမဆို တစ်စုံတစ်ယောက် ဝင်ရောက်ကျူးကျော်တဲ့အခါ လုပ်ဆောင်ရမယ့် လုံခြုံရေးတပ်ဖွဲ့ရဲ့ တာဝန်ကို လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ မကြာမီ လူမျိုးတုံး သတ်ဖြတ်ရန် ကြံစည်မှုအကြောင်းကို ထပ်ပြောပြ ပါမယ်။
သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း မောင်တော၊ ဘူးသီးတောင် မှာ ကြီးမားတဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တွေ ရှိခဲ့တယ်။ ဗုဒ္ဓဘာသာဝင်တွေ အများကြီး သေကျေခဲ့တယ်။ ဗုဒ္ဓဘာသာဝင် သုံးသောင်းလောက် သေဆုံးခဲ့တယ်။ ဗုဒ္ဓဘာသာဝင် တစ်သိန်းခန့် ထွက်ပြေးခဲ့ရတယ်။ ဗုဒ္ဓဘာသာဝင် ရွာလေးရာကျော် မီးရှို့ခံခဲ့ရတယ်။ အဲဒီအချိန်က ဗြိတိသျှတာဝန်ရှိသူ တွေတောင်မှ “ရွာတွေ မီးလောင်နေတယ်။ အားလုံးပဲ မွတ်ဆလင်တွေက ဗုဒ္ဓဘာသာဝင်တွေဆီက လွှဲပြောင်းယူနေကြတယ်။ ဒီလိုဆက်သွားရင် ဗုဒ္ဓဘာသာဝင်တွေ အနာဂတ်မရှိတော့ဘူး” ဆိုတာမျိုး ပြောခဲ့ကြတယ်။ အဲဒီအချိန်က ဗြိတိသျှလေ့လာ သုံးသပ်သူတစ်ဦးရဲ့ ပြောစကားဖြစ်တယ်။
မူဂျာဟစ်လို့ခေါ်ကြတဲ့ မြေအောက်လှုပ်ရှားမှု တွေလည်းရှိခဲ့တယ်။ မူဂျာဟစ်ဆိုတာ အာရပ်စကား ဖြစ်တယ်။ မူဂျာဟစ် ပြောက်ကျားအဖွဲ့က ၁၅ နှစ် ကြာ လှုပ်ရှားမှုတွေလုပ်ဆောင်ခဲ့တယ်။ ၁၉၆၀၊ ၁၉၇၀၊ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ် ဝန်းကျင်တွေမှာ ဘင်္ဂါလီ အကြမ်းဖက်သမားတွေဟာ ဗုဒ္ဓဘာသာဝင်တွေကို နှင်ထုတ်ဖို့ တစ်ကြိမ်ပြီး တစ်ကြိမ်အမျိုးမျိုးသော ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ကြတာ နောက်ဆုံး ၂၀၁၂၊ ၂၀၁၆ နဲ့ ၂၀၁၇ တွေ အပါအဝင်ပါ။ ဖြစ်ရပ် တိုင်းမှာ အပြစ်ကျူးလွန်မှုတွေဟာ ဘင်္ဂါလီအကြမ်းဖက်သမားတွေပဲဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တွေက စတင်တိုက်ခိုက်တာမရှိခဲ့ဖူးဘူး။ ဗုဒ္ဓဘာသာဝင်တွေက အဲဒီမှာငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လွတ်လပ်လပ်နေချင်တယ်။ ဟိန္ဒူဘာသာဝင် လူနည်းစု၊ တိုင်းရင်းသားလူမျိုးစုတွေဖြစ်တဲ့ သက်လူမျိုး၊ မြိုလူမျိုး၊ ခမီလူမျိုးတွေရော ပါပါမယ်။
အခု ကြီးမားလှတဲ့ ဆုံးရှုံးမှုအကြောင်းပြောတာပေါ့။ ၂၀၁၇ ခုနှစ်ပြီးနောက် ဘင်္ဂါလီတွေက တူလာတိုလီ (မင်းကြီးရွာ)၊ ချွတ်ပြင်၊ မောင်နု၊ အင်းဒင်တို့လို နေရာတွေမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရတယ်လို့ အော်ဟစ်ကြတယ်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတယ်လို့ ယူဆတဲ့နေရာတွေ တစ်နေရာချင်း ကျွန်တော်သွားခဲ့တယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတယ်ဆိုတဲ့ သက်သေမတွေ့ခဲ့ဘူး။ ဒါ့ကြောင့် အဲဒီကနေ တစ်မိုင်နှစ်မိုင်ဝေးတဲ့ ရွာတွေကလူတွေကို မေးမြန်းကြည့်တော့လူတွေမှာ ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေ ရှိခဲ့ပြီး ဘာတွေဖြစ်နေလဲဆိုတာ ပြောပြကြပေမယ့် အဲဒီမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်တယ် ဆိုတာ ဘယ်သူမှ မကြားဖူးကြဘူး။
တစ်ခုတည်းသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုတာ ခမောင်းဆိပ်ကျေးရွာအုပ်စုက ဟိန္ဒူလူမျိုး တစ်ရာကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်ပြီး ဒါဇင်ချီတဲ့ အမျိုးသား၊ အမျိုး သမီးရုပ်အလောင်းတွေ စုပုံထားတဲ့ ဂူတွေကိုသာ ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုထဲကနေ ရှင်ကျန်သူအချို့ရှိခဲ့တယ်။ အသက်ရှင်ကျန်ရစ်သူတွေဟာ အသက် ၂၀ ခန့်ရှိ လှပတဲ့ ဟိန္ဒူမိန်းကလေးတွေဖြစ်ပြီး သူတို့ရဲ့ဖခင် တွေ၊ ခင်ပွန်းတွေနဲ့ ကလေးတွေ သူတို့ရှေ့မှာပဲ သတ်ဖြတ်ခံရတာကို ကြည့်ရှုဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရတယ်။ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဘင်္ဂါလီတွေ ဆီသွားဖို့၊ အသက်အရွယ်ကြီးရင့်တဲ့ မွတ်ဆလင်ယောကျ်ားကြီးတွေကို လက်ထပ်ဖို့လည်း ဖိအားပေးခံခဲ့ရတယ်။ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ် နိုင်ခဲ့တယ်။ သူတို့ရဲ့အဖြစ်အပျက်တွေဟာ လူမဆန်တဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့တယ်။ ဒါကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပြဿနာအားလုံးထဲမှာ ဟိန္ဒူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တစ်ခုတည်းသာ တကယ့်ဖြစ်ရပ်မှန်ပါ။”ဟု အမေရိကန်နိုင်ငံသား စာရေးဆရာ Mr. Rick Heizman က ရှင်းပြသည်။

ယနေ့ကမ္ဘာပေါ်တွင် နယ်စပ်ခိုးဝင်မှုပြဿနာသည် နိုင်ငံအများစု ရင်ဆိုင်နေရသော ပြသနာဖြစ်ပြီး ထို ပြဿနာကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများဖြင့် နိုင်ငံအလိုက် တုံ့ပြန်ရာတွင် အိန္ဒိယနှင့် ဆော်ဒီအာရေဗျတို့က တုံ့ပြန်မှုအပြင်းထန်ဆုံးဖြစ်ပြီး ခိုးဝင်လူ ရာချီကို နှစ်စဉ် ပစ်သတ်နေကြသည်။ ထိုသို့သော ပစ်သတ်နေသည့်လုပ်ရပ်မှာ နိုင်ငံတော်လုံခြုံရေးအတွက်ဟု ခိုင်ခိုင်မာမာ အကြောင်းပြချက်ပေးထားပြီး မည်သည့်နိုင်ငံကမျှ ဝေဖန်ရဲမှု တရားစွဲဆိုမှုမပြုကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံသည် ဘင်္ဂါလီမွတ်ဆလင်များကို အကြောင်းမဲ့နယ်မြေရှင်းလင်းသတ်ဖြတ်သည်မဟုတ်ဘဲ မိမိနိုင်ငံအတွင်း ခိုးဝင်လာပြီး လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုကျူးလွန်ကာ နယ်မြေချဲ့ထွင်ရန် ကြံစည်သဖြင့် ဘင်္ဂါလီမွတ်ဆလင် ARSA အကြမ်းဖက်လက်နက်ကိုင်များကိုသာ ရှင်းလင်းချေမှုန်းခြင်း ဖြစ်သော်လည်း ထို ARSA အကြမ်းဖက်များက ယင်းတို့၏ လုံခြုမှုနှင့် ကမ္ဘာကို ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးပြသနာ၊ နိုင်ငံမဲ့အရေးနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် ငိုပြနိုင်ရန် ဘင်္ဂါလီလူမျိုးစုအားလုံးကို ခေါ်ထုတ်သွားခဲ့ခြင်းသာဖြစ်သည်။ ထိုသို့သော လုပ်ရပ်မျိုးဖြင့် ICJ တွင် အနိုင်ရလျင်ပင် မြန်မာတိုင်းရင်းသားများနှင့် ဘင်္ဂါလီများအကြား သို့မဟုတ် ဌာနေ ရခိုင်မျိုးနွယ်စုများအကြား ပြေလည်သွားမည်မဟုတ်ဘဲ ထာ၀ရရန်မီးတစ်ခုကို ICJ နှင့် ဂမ်ဘီယာက ထပ်မံအုပ်မြစ်ချသလိုဖြစ်လာမည်ကိုလည်း သတိပြုရန် လိုအပ်နေသည်။
ပုံစာ။ NLD အစိုးရဟောင်းလက်ထက် ဖြစ်ပွားခဲ့သော ဘင်္ဂါလီပြဿနာကို လက်ရှိအစိုးရ၏ဝန်ကြီးဦးကိုကိုလှိုင်က ICJ တွင် မိန့်ခွန်းပြောကြား ချေပနေမှုနှင့် ယခင်က ဒေါ်အောင်ဆန်းစုကြည်၏ ICJ ခရီးကို ထောက်ခံခဲ့သူများ ပုံရိပ် (Photo – Credit)
