၂၅. ၁. ၂၀၂၆
MT News Editorial
သမိုင်း၏ ခါးသီးသော သင်ခန်းစာများနှင့် ကျွန်ုပ်တို့ နှစ်ပေါင်း ၈၀ နီးပါး ပြည်တွင်းစစ် အတွေ့အကြုံများမှ သိမြင်ခဲ့ရသည်မှာ “သေနတ်ပြောင်းဝမှ ငြိမ်းချမ်းရေးသည် ထွက်မလာနိုင်” ဆိုသည့် အချက်ပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော် တိုက်ခိုက်ခဲ့ကြပြီး ပြီးခဲ့သည့် ငါးနှစ်တာအတွင်း တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် စစ်မီးတောက်ခဲ့သော်လည်း အဖြေမထွက်ခဲ့ဘဲ “လက်နက်ကိုင်သူများသာ ကြီးပွားချမ်းသာသွားခဲ့ကြသည်”ကိုလည်း ကျွန်ုပ်တို့ ကိုယ်တိုင် မျက်မြင်ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။
ထိုသို့ လက်နက်ကိုင်ခြင်း၏ ဆိုးကျိုးများမှ ရုန်းထွက်ရန် ယနေ့ကျရောက်သော တတိယအဆင့် ရွေးကောက်ပွဲသည် စစ်မီးလျှံများကြားတွင် ပိတ်မိနေသည့် ကျွန်ုပ်တို့၏ မိသားစုများ၊ အနာဂတ်များကို လွတ်မြောက်ရာ လမ်းပြပေးမည့် “တစ်ခုတည်းသော ထွက်ပေါက်” ဖြစ်သည်ဟု ခိုင်ခိုင်မာမာ ဖော်ညွှန်းလိုပါသည်။
◾ ပြည်သူ့အင်အား၏ သမိုင်းဝင် သက်သေများ
ပြီးခဲ့သည့် ပထမအကြိမ်တွင် ၅၂ ဒသမ ၁၃ ရာခိုင်နှုန်း၊ ဒုတိယအကြိမ်တွင် ၅၅ ဒသမ ၉၅ ရာခိုင်နှုန်း ဆိုသည့် မဲပေးမှုနှုန်းထားများသည် အချည်းနှီး မဟုတ်ပါ။ NUG၊ PDF နှင့် EAOs တို့၏ နှောင့်ယှက်မှုမျိုးစုံကြားမှ မြို့ပေါင်း ၂၀၂ မြို့မှ ပြည်သူများက တစ်ခဲနက် မဲထွက်ပေးခဲ့ခြင်းသည် “ကျွန်ုပ်တို့ ဒီမိုကရေစီကိုသာ လိုလားသည်” ဟု အကြမ်းဖက်များနှင့် ကမ္ဘာကို အသံကုန်ဟစ်၍ ကြေညာလိုက်ခြင်းပင် ဖြစ်သည်။
၎င်းမှာ ရိုးရိုးမဲပေးခြင်းလည်း မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ဆာလောင်လွန်း၍ မဲရုံထဲသို့ အရောက်လှမ်းခဲ့သည့် ပြည်သူ့သတ္တိများဖြစ်ရာ ထိုဇွဲနှင့် စိတ်ဓာတ်ကို MT News က အလေးအနက် ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
◾ စစ်မီးကို ငြှိမ်းသတ်မည့် မဲတစ်ပြား
ယနေ့ တတိယအဆင့်တွင်လည်း ထိုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းကြရန် လိုအပ်ပါသည်။ သင်ပေးလိုက်သည့် မဲတစ်ပြားသည်-
🔹 လက်နက်ကိုင်ပဋိပက္ခထက် ယဉ်ကျေးသော “တွေ့ဆုံဆွေးနွေးရေး” ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
🔹 စစ်မီးများကြောင့် မှောင်မိုက်နေသည့် လမ်းများထက်တွင် “ဒီမိုကရေစီ အလင်းရောင်” ကို ထွန်းညှိခြင်း ဖြစ်သည်။
🔹 နောင်လာနောက်သားများ စစ်ဘေးစစ်ဒဏ်မှ ကင်းဝေးစေရန် သင်ပေးလိုက်သည့် “အနာဂတ် အာမခံချက်” ပင် ဖြစ်သည်။
◾ အင်ဒိုနီးရှားလမ်းစဉ်နှင့် ကျွန်ုပ်တို့၏ မျှော်လင့်ချက်
စစ်တပ်က နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခဲ့သည့် အတိတ်ကို ရွေးကောက်ပွဲနှင့် တည်ငြိမ်မှုမှတစ်ဆင့် ကျော်လွှားနိုင်ခဲ့သည့် အာဆီယံမိသားစုဝင် အင်ဒိုနီးရှားနိုင်ငံကို ကြည့်ပါ။ အင်ဒိုနီးရှားသည်လည်း စစ်တပ်က နိုင်ငံရေးမှ တစ်ဆင့်ချင်း ဆုတ်ခွာသွားသည့် နည်းလမ်းဖြင့် ခိုင်မာသော ဒီမိုကရေစီဆီသို့ အရောက်လှမ်းနိုင်ခဲ့ကြသည်။
ကျွန်ုပ်တို့နိုင်ငံတွင်လည်း ရွေးကောက်ပွဲမှတစ်ဆင့် တည်ငြိမ်မှုရလာသည်နှင့်အမျှ တပ်မတော်ကို နိုင်ငံရေးကဏ္ဍမှ တဖြည်းဖြည်းချင်း အဆင်ပြေချောမွေ့စွာ ဖယ်ခွာသွားမည့် “ယဉ်ကျေးသော အသွင်ကူးပြောင်းရေး” ကို ဖော်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။
ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော အစိုးရသည်သာ ပြည်သူတို့ လိုလားသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်စနစ်ကို စစ်မှန်စွာ ပုံဖော်ပေးနိုင်မည်ဖြစ်ပြီး အကြမ်းဖက် ဖျက်ဆီးနေသော မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကမျှ ကျွန်ုပ်တို့ မျှော်လင့်သော ဖက်ဒရယ်ဒီမိုကရေစီကို ပေးစွမ်းနိုင်မည်မဟုတ်ပါ။
◾ သမိုင်းသစ်ကို ရေးထိုးမည့် လက်တစ်ချောင်း
ကျွန်ုပ်တို့အားလုံး စစ်ပွဲများမှ ချက်ချင်းလွတ်မြောက်လိုကြပါသည်။ ထိုလွတ်မြောက်ခြင်းအတွက် “ရွေးကောက်ပွဲ” သည် အကောင်းဆုံးနှင့် အယဉ်ကျေးဆုံးသော လမ်းစဉ်ဖြစ်သည်။ ယနေ့ သင့်လက်တွင် စွန်းထင်ကျန်ရစ်မည့် မှင်စွန်းကွက်သည် မြို့ပေါင်း ၁၀၀ ကျော်၏ ပြာပုံများကို ဆေးကြောမည့် “မျှော်လင့်ချက်ဆေးရည်” တစ်ခုဖြစ်သလို၊ ဖက်ဒရယ်ဒီမိုကရေစီ၏ အစဦးလည်း ဖြစ်ပါသည်။ မဲရုံထဲသို့ လှမ်းဝင်လိုက်သည့် ခြေလှမ်းတိုင်းသည် စစ်မီးကို နင်းခြေငြှိမ်းသတ်လိုက်သည့် ခြေလှမ်းများပင် ဖြစ်ပါလိမ့်မည်။
ထို့ကြောင့် မိမိ၏ အခွင့်အရေးကို အသုံးချပြီး ငြိမ်းချမ်းရေးအတွက် ယနေ့ တတိယအဆင့်ရွေးကောက်ပွဲကို တခဲနက် ပါဝင်မဲပေးကြပါရန် MT News က လေးလေးနက်နက် တိုက်တွန်းနှိုးဆော်ရင်း၊ ပါဝင်မဲပေးကြသည့် ပြည်သူတစ်ရပ်လုံးကို “နိုင်ငံ့သူရဲကောင်းများ” အဖြစ် အလေးအနက်ပင် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
