သတိုး
၂၇. ၁. ၂၀၂၆
ဘန်ကောက်မြို့ရှိ လုမ္ဗဏီအားကစားကွင်းတွင် ကျင်းပခဲ့သော ONE Friday Fights 139 ပြိုင်ပွဲသည် မျိုးဆက်ဟောင်းများ မှေးမှိန်ကာ မျိုးဆက်သစ်များ အစားထိုးဝင်ရောက်လာသည့် မြန်မာ့လက်ဝှေ့လောက၏ အလှည့်အပြောင်း အခိုက်အတန့်တစ်ခု ဖြစ်ခဲ့သည်။
နှစ်ပေါင်းများစွာတိုင်အောင် မြန်မာ့လက်ဝှေ့ပရိသတ်များတွင် အားကိုးရာ မျက်နှာစာတစ်ခုသာ ရှိခဲ့သော်လည်း ယခုအခါ အားကိုးရမည့်သူများ များပြားလာပြီဖြစ်သည်။ ပြီးခဲ့သည့် သောကြာနေ့ (ဇန်နဝါရီ ၂၃ ရက်) ညက ဘန်ကောက်မြို့၊ လုမ္ဗဏီအားကစားကွင်းတွင် ကျင်းပခဲ့သည့် ပြိုင်ပွဲသည် မြန်မာနိုင်ငံအတွက် ပုံမှန်ပြိုင်ပွဲတစ်ခုထက်ပိုပြီး မျိုးဆက်သစ်တို့ ထွက်ပေါ်လာသည့် အမှတ်အသားတစ်ခု ဖြစ်ခဲ့သည်။ ထိုည၏ အဓိကဇာတ်ဆောင်မှာ ကျော်စွာဝင်းဖြစ်ပြီး သူသည် ပရိသတ်များ၏ ဝန်းရံအားပေးမှုကို ရော့ခ်စတားတစ်ဦးကဲ့သို့ ရရှိခဲ့သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ကျော်စွာဝင်းသည် ၎င်း၏ ONE ပွဲဦးထွက်တွင် ဂျပန်နိုင်ငံမှ နာမည်ကျော်ဖိုက်တာ မူဂါဆီတိုကို ဒုတိယအချီတွင် အလဲထိုး(TKO)ဖြင့် အနိုင်ယူကာ ဘောနပ်စ်ဆုကြေး ဘတ် ၃ သိန်းခွဲ ဆွတ်ခူးခဲ့သည်။ မူဂါဆီတိုကို စတုတ္ထအကြိမ်မြောက် လဲကျစေမှုဖြစ်သည့် ကျော်စွာဝင်း၏ လေဟုန်စီး လက်သီးချက် (Flying superman punch) ဖြင့် ပွဲကိုအဆုံးသတ်လိုက်ချိန်တွင် လုမ္ဗဏီကွင်းကြီး တစ်ခုလုံး ဆူညံတုန်ဟည်းသွားခဲ့သည်။
ကွင်းအတွင်း မြန်မာအလံများ လွှင့်ထူကာ အားပေးနေသည့် မြန်မာပရိသတ်များကြောင့် ဖိအားရှိမရှိ မေးမြန်းရာတွင် ကျော်စွာဝင်းက”ကျွန်တော် ဘာဖိအားမှ မရှိပါဘူး။ မြန်မာပရိသတ်တွေက ကျွန်တော့်ကို ပထမရက်ကတည်းက အားပေးလာတာပါ” ဟု တည်ငြိမ်စွာ ဖြေကြားခဲ့သည်။
ပွဲအပြီးတွင်လည်း ကျော်စွာဝင်းအား မီဒီယာများနှင့် ပရိသတ်ရာပေါင်းများစွာက ဝိုင်းဝန်းအားပေးခဲ့ကြသဖြင့် ကွင်းပြင်ရှိ ကားဆီသို့ပင် မနည်းတိုးထွက်ခဲ့ရသည်။

ကျော်စွာဝင်းသည် မြန်မာနိုင်ငံတွင် လက်ဝှေ့မှတ်တမ်း ၉၅ ပွဲနိုင် ၁ ပွဲရှုံး (ထိုအရှုံးမှာလည်း ကိုယ်အလေးချိန် ကီလို ၅၀ ခန့် ပိုများသည့် ပြိုင်ဘက် ထွန်းထွန်းမင်းနှင့် ထိုးသတ်ခဲ့ခြင်းဖြစ်သည်) ဖြင့် နာမည်ကြီးပြီးသားဖြစ်သည်။ သို့သော် သူသည် အခြားကစားသမားများကဲ့သို့ မြန်မာအလံအောက်မှ တိုက်ရိုက်မလာဘဲ ထိုင်းနိုင်ငံရှိ နာမည်ကြီး Fairtex အသင်းသို့ ဝင်ရောက်ကာ စနစ်တကျ ပြင်ဆင်ခဲ့သည်။
Fairtex အသင်းပိုင်ရှင် Prem က ကျော်စွာဝင်းကို ၁၀ မှတ်တွင် ၉ မှတ်အထိ ပေးခဲ့ပြီး “သူက ကျွန်တော်တို့ အသင်းမှာ အလုပ်အကြိုးစားဆုံးသူပါ။ လေ့ကျင့်ရေးကို အစောဆုံးလာပြီး နောက်ဆုံးမှ ပြန်သူပါ” ဟု ချီးကျူးခဲ့သည်။
ကျော်စွာဝင်းကမူ သူ၏ ပထမဆုံးပစ်မှတ်မှာ ONE Championship စာချုပ်ကြီး (Full contract) ရရှိရန်သာဖြစ်ပြီး ချန်ပီယံခါးပတ်ကိုမူ တဖြည်းဖြည်းချင်း အဆင့်ဆင့် သွားမည်ဟု ဆိုသည်။
ထိုညမှာပင် မြန်မာပရိသတ်များအတွက် စိတ်မကောင်းစရာ အပြောင်းအလဲတစ်ခုလည်း ရှိခဲ့သည်။ “သံမဏိလူသား” ဟု ကျော်ကြားသည့် လက်ဝှေ့ဂန္ထဝင် စိုးလင်းဦးသည် ထိုင်းဖိုက်တာ ဝိုရာပွန်၏ ကန်ချက်ဖြင့် ၎င်း၏ ကစားသမားသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် အလဲထိုး (KO) ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ဤသည်မှာ မျိုးဆက်ဟောင်းတို့ မှေးမှိန်ကာ မျိုးဆက်သစ်တို့ အစားထိုးလာသည့် သင်္ကေတတစ်ခုကဲ့သို့ပင်။

ထို့အပြင် ၂၁ နှစ်အရွယ် ဆလိုင်းထန်ခွီးရှိန်သည်လည်း ထိုင်းဖိုက်တာ ယော့အူဒုံကို ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ယူကာ ကျော်စွာဝင်းကဲ့သို့ပင် ဘတ် ၃၅၀၀၀၀ ဆုယူပြီး မြန်မာ့ဂုဏ်ကို ဆောင်နိုင်ခဲ့သည်။ ထိုည၏ ရလဒ်အရ မြန်မာကစားသမားများမှာ ၂ ပွဲနိုင် ၂ ပွဲရှုံး (စိုးလင်းဦးက အလဲထိုးဖြင့် ရှုံးပြီး နေရိုင်းက အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်) ဖြစ်ခဲ့သော်လည်း မြန်မာ့ဖိုက်တာများ၏ အနာဂတ်မှာ ပိုမိုတောက်ပလာကြောင်း ပြသနိုင်ခဲ့သည်။
မြန်မာ့သူရဲကောင်းဟောင်း အောင်လအန်ဆန်သည်လည်း အနားယူသွားသော်လည်း မျိုးဆက်သစ်များကို အစဉ်တစိုက် အားပေးလျက်ရှိသည်။ ၎င်းသည် ကျော်စွာဝင်းနှင့် ဆလိုင်းတို့၏ အောင်ပွဲများကို လူမှုကွန်ရက်တွင် ချီးကျူးခဲ့သလို၊ ရှုံးနိမ့်ခဲ့သည့် စိုးလင်းဦးကိုလည်း ဖုန်းဖြင့် ဆက်သွယ်အားပေးခဲ့သည်။

လက်ရှိအချိန် ONE Friday Fights တွင် မြန်မာဖိုက်တာများက အပတ်စဉ် ပါဝင်လာနေသည်။ ယခုလာမည့် ဇန်နဝါရီ ၃၀ တွင်လည်း ထိုင်းဖိုက်တာအများစုကို အလဲထိုးအနိုင်ယူပြီး ဘတ် ၃၅၀၀၀၀ ဆုကြေး လေးကြိမ်ဆွတ်ခူးထားသော သွေးလင်းထက်က ခေါင်ပွဲထိုးသတ်ဦးမည်ဖြစ်သည်။
“ကျွန်တော်တို့ မြန်မာဖိုက်တာတွေ ကမ္ဘာ့စင်မြင့်ထက်မှာ လုပ်ပြနိုင်တယ်ဆိုတာ သက်သေပြချင်ပါတယ်”ဟုလည်း ကျော်စွာဝင်းက ကြွေးကြော်ခဲ့သည်။
သေချာပါသည်။ လုမ္ဗဏီကွင်းကြီး တုန်ဟည်း ဆူညံသွားခဲ့သည့် ထိုနေ့ည၏ သတင်းစကားတစ်ခုက ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။
“မြန်မာ့သူရဲကောင်းသစ်တစ်ယောက် ရောက်လာပြီ၊ နောက်ထပ် သမိုင်းသစ်ကို စရေးနေပြီ”
(ထိုင်းနိုင်ငံအခြေစိုက် မီဒီယာ Bangkok Post က ရေးသားဖော်ပြသော “ONE Championship: Kyaw Swar Win emerges as Myanmar’s new hero to light up Lumpinee on momentous Friday night” ကို ဆီလျော်သလို ကောက်နုတ် ပြန်ဆိုထားပါသည်။)
