၂၇.၁.၂၀၂၆
Translated by Htwe Ko Tun
ဗြိတိန် (ယူနိုက်တစ်ကင်းဒမ်း) ဝန်ကြီးချုပ် ကား စတမ်မာက ဇန်နဝါရီလ ၂၇ ရက်တွင် ၎င်း၏တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ်မသွားရောက်မီတွင် Bloomberg သတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းပွဲတစ်ခုပြုလုပ်ခဲ့ရာ၌ ဗြိတိန်အစိုးရအနေဖြင့် အမေရိကန်နှင့် အထူးဆက်ဆံရေးကို ထိန်းသိမ်းခြင်းနှင့် တရုတ်နှင့် ဆက်ဆံရေးကို ခိုင်မာစေခြင်းတို့ကြားတွင် မည်သည့် ဘက်ကိုမှ မျက်နှာသာပေးရွေးချယ်မည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်က “နိုင်ငံတွေအကြား ရွေးချယ်ဖို့ ကျွန်တော့်ကို မကြာခဏ ဖိတ်ကြားလေ့ရှိပါတယ်။ ကျွန်တော် အဲဒီလို မလုပ်ပါဘူး။ အမေရိကန်ကုန်သွယ်ရေးသဘောတူညီချက်ကို ကျွန်တော်လုပ်နေ တုန်းက လူတိုင်းက အမေရိကန်နဲ့ ဥရောပအကြား ရွေးချယ်ရမယ်လို့ ကျွန်တော့်ကို ပြောခဲ့ကြပြီး ‘ကျွန်တော် အဲဒီရွေးချယ်မှုကို မလုပ်ပါဘူး’ လို့ ပြောခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ အမေရိကန်နဲ့ အလွန်နီးကပ်တဲ့ ဆက်ဆံရေးရှိပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ လုပ်ချင်ပါတယ်။ ပြီးတော့ လုံခြုံရေးနဲ့ ကာကွယ်ရေးနဲ့အတူ အဲဒီစီးပွားရေးကို ထိန်းသိမ်းထားမှာပါ။ အလားတူပဲ။ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်ပြီး စီးပွားရေးအခွင့်အလမ်းတွေ ရှိနေတဲ့အချိန်မှာ တရုတ်နိုင်ငံကို လျစ်လျူရှုထားမယ်ဆိုရင်လည်း ကျိုးကြောင်းဆီလျော်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဇန်နဝါရီလ ၂၇ ရက်နှောင်းပိုင်းတွင် စတမ်မာသည် ဝန်ကြီးများနှင့် စီးပွားရေးခေါင်းဆောင်များ ပါဝင်သောကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဂျပန်သို့ သွားရောက်လည်ပတ်ခြင်းမပြုမီ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ စုစုပေါင်းအားဖြင့် ဗြိတိန်အမှုဆောင်အရာရှိချုပ် ၆၀ ခန့်သည် ပေကျင်းတွင် ၎င်းနှင့်အတူ လိုက်ပါသွားမည်ဖြစ်ကြောင်း The Times သတင်းစာက ဖော်ပြခဲ့သည်။
စတမ်မာ၏ခရီးစဉ်က ၂၀၁၈ ခုနှစ်တွင် ထိုစဉ်က ဝန်ကြီးချုပ် သာဆာမေက ပေကျင်းမြို့၌ သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည့်နောက်ပိုင်း ကား စတမ်မာ၏ ချစ်ကြည်ရေးခရီးက တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် ဗြိတိန်ဝန်ကြီးချုပ်တစ်ဦး၏ ခရီးစဉ်လည်းဖြစ်သည်။
၎င်း၏လာမည့်ခရီးစဉ်က ပထဝီနိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြားတွင် ဗြိတိန်နှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတွင် တစ်ချိန်ကတည်ရှိခဲ့သော ရွှေခေတ်ကို ပြန်လည်အသက်သွင်းနိုင်သည်ဟု Bloomberg သတင်းစာက ရေးသားခဲ့သည်။
Ref- Bloomberg
