
၂၇. ၁. ၂၀၂၆
Written by Nyein Kyaw
ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်၍ ထွက်ပေါ်လာမည့် အစိုးရအသစ်ကို နိုင်ငံ့တာဝန်များ လွှဲပြောင်းပေးအပ်ပြီး ၎င်းတို့၏တာဝန်များကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ယနေ့ ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၁/၂၀၂၆)တွင် မှာကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ လျှောက်လှမ်းနိုင်ရေး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ထွက်ပေါ်လာမည့် အစိုးရအသစ်ကို နိုင်ငံ့တာဝန်များ လွှဲပြောင်းပေးအပ်ပြီး ၎င်းတို့၏တာဝန်များကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားသည်။
နိုင်ငံတော်အကြီးအကဲအနေဖြင့် မန္တလေးတိုင်းဒေသကြီး ခရီးစဉ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)၌ ပါဝင်ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း၊ ထိုသို့ ကြည့်ရှုအားပေးရာတွင် ပြည်သူလူထုမှ လွတ်လပ်စွာ မိမိတို့သဘောဆန္ဒများ အလျှောက် စည်းကမ်းရှိပြီး နိုင်ငံကြီးသားပီသစွာ လိုလိုလားလားဖြင့် လာရောက် ဆန္ဒမဲပေးကြသည်ကို တွေ့ရမြင်ရကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ထိုသို့ဆောင်ရွက်မှုများမှာ ပြည်သူလူထုမှ အစိုးရအပေါ် လိုလား လက်ခံသည့် အပြုအမူများဖြစ်သည့်အတွက် အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
နိုင်ငံတကာစောင့်ကြည့်လေ့လာရေး အဖွဲ့များမှလည်း ယခုရွေးကောက်ပွဲတွင် ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ မဲပေးပိုင်ခွင့်ကို အနှောင့်အယှက် တစ်စုံတစ်ရာမရှိဘဲ မဲပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ မဲရုံဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲပေးခြင်း၊ မဲရေတွက်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့သည့်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံး သမာသမတ်ကျစွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ဆောင်နိုင်ခဲ့သည်ကိုတွေ့ရှိရကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက်များကို အသုံးပြုခဲ့သည့်အတွက် မဲပေးခြင်း၊ မဲရေတွက်ခြင်းလုပ်ငန်းစဉ်များကို ပိုမိုလျင်မြန်စေပြီး ပြည့်စုံမှန်ကန်သည့်ရလဒ်များ ဖြစ်ပေါ်စေခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည့်စုံကောင်းမွန်သည့် လုံခြုံရေးဆောင်ရွက်ထားမှုများကြောင့် မဲဆန္ဒရှင်များ မဲရုံတာဝန်ထမ်းဆောင်သူများနှင့် အခြားသက်ဆိုင်သူများအားလုံး လုံခြုံစိတ်ချစွာဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်ဟု သဘောထားမှတ်ချက်များ ပြုခဲ့ကြသည်ကိုတွေ့ရှိရသဖြင့် လွတ်လပ်၍ တရားမျှတသော ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်သည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
