သက်တံ့
၂၇. ၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဥဒုံဌာနီပြည်နယ်တွင် အသက် ၅၀ အရွယ် ထိုင်းစစ်သားတစ်ဦးသည် ၎င်း၏ဇနီးဖြစ်သူနှင့် ဖောက်ပြန်သည်ဟု စွပ်စွဲကာ နာမည်ကြီး Influencer တစ်ဦး၏ ခဲအိုဖြစ်သူကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်အား တရားမျှတမှုရရှိရန်နှင့် မိသားစုလုံခြုံရေးအတွက် အဆိုပါ Influencer အမျိုးသမီးက လူမှုကွန်ရက်တွင် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ရာမှ ထိုင်းစစ်သား၏ ကျူးလွန်မှု သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

◾️ ဖြစ်စဉ်အသေးစိတ်
အဆိုပါဖြစ်စဉ်သည် ဇန်နဝါရီ ၂၅ ရက် (တနင်္ဂနွေနေ့) က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Online ပေါ်တွင် “Aum Punsuk” ဟု လူသိများသည့် Influencer ဆိုရာယား (Soraya “Aum” Upaiprom) က သူမ၏ မိသားစုအိမ်အတွင်း အဆိုပါစစ်သားက အကြမ်းဖက်ရန်ပြုနေသည့် CCTV မှတ်တမ်းများကို မျှဝေခဲ့သည်။
CCTV မှတ်တမ်းများအရ အဆိုပါစစ်သားသည် လွန်ခဲ့သည့်နှစ် ဇွန်လကတည်းက အိမ်ခြံစည်းရိုးကို ကျော်တက်ကာ သေနတ်ကိုင်ဆောင်၍ ကျူးကျော်ဝင်ရောက်ခဲ့ဖူးသည်။ ထိုစဉ်က မိသားစုက ရဲစခန်းနှင့် စစ်သား၏ အထက်လူကြီးထံ တိုင်ကြားခဲ့သော်လည်း ခြိမ်းခြောက်မှုများ ဆက်လက်ရှိနေခဲ့သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၅ ရက်) တွင် အဆိုပါစစ်သားသည် အိမ်ရှေ့သို့ ပြန်လည်ရောက်ရှိလာပြီး Influencer အမျိုးသမီး၏ ခဲအိုဖြစ်သူ ဂျက် (Jack) ကို ဆဲဆိုကာ သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့သည်။ ဂျက်သည် အိမ်ထဲသို့ အချိန်မီ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ကျည်ဆန်မှာ အိမ်ရှေ့တွင် ရပ်ထားသည့် ကားကို ထိမှန်သွားခဲ့သည်။

◾️ အငြင်းပွားဖွယ် အကြောင်းရင်းများ
ထိုင်းသတင်းဌာန (ThaiRath) ၏ ဖော်ပြချက်အရ အဆိုပါစစ်သားသည် ၎င်း၏ဇနီးနှင့် ဂျက်တို့ ဖောက်ပြန်နေသည်ဟု သံသယရှိနေခြင်းဖြစ်သည်။ ၎င်း၏ဇနီးသည် ဂျက်၏ဇနီးပိုင်ဆိုင်သော အလှပြင်ဆေးခန်းတွင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး ဂျက်ကြောင့်ပင် ဇနီးဖြစ်သူက ၎င်းကို ကွာရှင်းခွင့်တောင်းခဲ့သည်ဟု စစ်သားက ယူဆနေသည်။
သို့သော်လည်း Influencer ဖြစ်သူ Aum နှင့် ဂျက်တို့က အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုထားပြီး၊ စစ်သား၏ ဇနီးကိုယ်တိုင်ကလည်း “Hone Krasae” အစီအစဉ်တွင် ဖြေကြားရာ၌ သူမတွင် ဖောက်ပြန်မှုမရှိကြောင်းနှင့် ခင်ပွန်းဖြစ်သူ၏ လုပ်ရပ်အတွက် ဂျက်၏ မိသားစုကို လူသိရှင်ကြား တောင်းပန်ခဲ့သည်။

◾️ နောက်ဆုံးရ အခြေအနေ
အဆိုပါ စစ်သားသည် ဇန်နဝါရီ ၂၆ ရက် (တနင်္လာနေ့) တွင် ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့သည်။ စစ်ဆေးမေးမြန်းမှုအတွင်း ၎င်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဝန်ခံသော်လည်း ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်များရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းက ဂျက်အနေဖြင့် ၎င်း၏ဇနီးနှင့် ဖောက်ပြန်နေသည်မှာ မှန်ကန်ကြောင်း ဝန်ခံရန် တောင်းဆိုနေဆဲဖြစ်ပြီး ဇနီးဖြစ်သူက ပြင်ပကြွေးမြီ (Informal debts) ဘတ် ၂ သန်းကျော် ချန်ထားခဲ့ကာ ရင်သွေးများကို ပစ်ထားခဲ့သည်ဟုလည်း စွပ်စွဲပြောဆိုခဲ့သည်။
လက်ရှိတွင် ထိုင်းဘုရင့်တပ်မတော်က အဆိုပါစစ်သားကို တာဝန်မှ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး၊ ဥဒုံဌာနီရဲတပ်ဖွဲ့က ပိုင်နက်ကျူးကျော်မှု၊ လူသတ်ရန် အားထုတ်မှုတို့ဖြင့် အမှုဖွင့်ကာ တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်လျက် ရှိသည်။
Ref : The Thaiger
