သက်တံ့
၂၇. ၁. ၂၀၂၆
ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် နောက်ဆုံးပေါ် Sinotruk VGV-U75 Plus ကားသစ်ကြီး မီးလောင်ခဲ့မှုအတွက် ကားအသစ်တစ်စီးအစားထိုးပေးခဲ့ကြောင်းနှင့် After Sales Service ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်လုပ်ရောင်းချသည့် Myanmar Brilliance Auto ကုမ္ပဏီက အသိပေးထုတ်ပြန်ထားသည်။
ထိုဖြစ်စဥ်မှာ ဇန်နဝါရီ ၁၆ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် တရားရုံးအနီး ပြည်လမ်းမပေါ် Sinotruk VGV-U75 Plus ကားတစ်စီး မောင်းနှင်နေရင်း မီးခိုးများထွက်လာကာ မီးလောင်သွားခဲ့ခြင်းဖြစ်သည်။


ထိုဖြစ်စဥ်အပေါ် Myanmar Brilliance Auto ကုမ္ပဏီက အသိပေးရာတွင် Sinotruk VGV-U75 Plus တစ်စီးသည် (၁၆.၁.၂၀၂၆) နေ့တွင် မောင်းနှင်နေစဉ် မီးလောင်မှု မတော်တဆဖြစ်ပွားခဲ့သည့်အပေါ် Customers များအနေဖြင့် စိုးရိမ် ပူပန်မှုများ ရှိနေသည်ကို အပြည့်အဝနားလည်လက်ခံကြောင်း၊ အဆိုပါမီးလောင်မှုဖြစ်ပွားသည်ကို သိသိချင်း ကုမ္ပဏီမှ ဒုစက်ရုံမှူးနှင့် တရုတ် Sinotruk VGV ကုမ္ပဏီမှ တရုတ်အင်ဂျင်နီယာယာဉ်စစ်ဆေးရေးမှူးတို့ ချက်ချင်းသွားရောက်ခဲ့ကြောင်း၊ အဆိုပါယာဉ် မတော်တဆ မီးလောင်မှုကြောင့် နေပြည်တော်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများလည်း စက်ရုံသို့ လာရောက်ပြီး အသေးစိတ် စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် မီးလောင်မှုဖြစ်ပွားသည့် ယာဉ်ပိုင်ရှင်ကိုလည်း ချက်ချင်းကားတစ်စီး အစားထိုးပေးခဲ့ပြီး ယနေ့ထိ ယာဉ်ပိုင်ရှင် နစ်နာဆုံးရှုံးမှုမရှိအောင် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ မတော်တဆ မီးလောင်မှုဖြစ်ပွားခဲ့သည့်အပေါ် ကုမ္ပဏီအနေဖြင့် များစွာစိတ်မကောင်း ဖြစ်ရသည့်အပြင် Customers များ၏ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အရေးအကြီးဆုံးအဖြစ် အလေးထားဆောင်ရွက်နေပြီး After Sales Service ကိုလည်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ VGV-U75 Plus သုံးစွဲနေသော Customers များ စိတ်ချလက်ချ သုံးစွဲနိုင်ရန်အတွက်ယာဉ်များကို အခမဲ့ Safety Inspection အပိုင်း ခေါ်ယူစစ်ဆေးမှုများ ပြုလုပ် ဆောင်ရွက်ပေးသွားမည့်အပြင် မတော်တဆမီးလောင်မှုကို ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ဗူး (၁)ဗူးအား အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
