◾️ မြန်မာနိုင်ငံတွင် ယနေ့အထိ ကူးစက်မှုမရှိသည့်အပြင် ရောဂါဖြစ်ပွားရာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားဒေသသို့ ခရီးမသွားရန်နှင့် ယင်းဒေသမှ ပြန်ဝင်ရောက်လာသူများကိုလည်း ရောဂါစောင့်ကြပ်ကြည့်ရှုမှု အထူးအလေးထားဆောင်ရွက်နေ
၂၇. ၁. ၂၀၂၆
Written by Nyein Kyaw
လတ်တလောဖြစ်ပွားနေသည့် နီပါးရ်ဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားမှု ရှိ/မရှိကို ဓာတ်ခွဲစစ်ဆေးသိရှိနိုင်ရန်နှင့် ကုသရေးအတွက် လိုအပ်သည့် ဆေးဝါးနှင့်ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ဖြေကြားထားသည်။
နီပါးရ်ဗိုင်းရပ်စ် (Nipah virus-Niv)ကို ၁၉၉၉ ခုနှစ်ကတည်းက မလေးရှားနိုင်ငံတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်၍ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကဲ့သို့ အသစ်ပေါ်ပေါက်လာသည့် ဗိုင်းရပ်စ်ပိုးမဟုတ်ကြောင်း၊ အဆိုပါရောဂါကို ၂၀၀၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌လည်း စတင်တွေ့ရှိခဲ့ပြီး အဆိုပါနိုင်ငံတွင် နှစ်စဉ်နီးပါး ရောဂါဖြစ်ပွားမှုများရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသများတွင်လည်း ရောဂါဖြစ်ပွားမှုများရှိကြောင်း သိရသော်လည်း အဆိုပါရောဂါ ဖြစ်ပွားသည့် နေရာဒေသများမှ နိုင်ငံများ၏ နိုင်ငံတွင်း အခြားဒေသများနှင့် နိုင်ငံတကာသို့ ရောဂါပျံ့နှံ့ခဲ့ခြင်းမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယနေ့အထိ နီပါးရ်ဗိုင်းရပ်စ် ကူးစက်ဖြစ်မှုများကို တွေ့ရှိရခြင်းမရှိသော်လည်း မူလလက်ခံကောင် လင်းနို့မျိုးစိတ်ဖြစ်သည့် သစ်သီးစားလင်းနို့/လင်းဆွဲများ ပေါများစွာ တည်ရှိရာဒေသဖြစ်ပြီး ကူးစက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် ဒေသတွင်း နိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် နီပါးရ်ဗိုင်းရပ်စ် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားထားသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် မျောက်ကျောက်ရောဂါ စသည့် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ ဖြစ်ပွားခဲ့ချိန်များမှ စတင်ဆောင်ရွက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များအပါအဝင် နိုင်ငံဖြတ်ကျော် ဝင်/ထွက်ပေါက်များတွင် အဖျားရောဂါလက္ခဏာစောင်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ရပ်တန့်ခဲ့ခြင်းမရှိခဲ့ကြောင်း ဖြေကြားထားသည်။
ယခုအချိန်တွင် အဆိုပါလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် လတ်တလော ရောဂါဖြစ်ပွားရာဒေသဖြစ်သည့် အိန္ဒိယနိုင်ငံ အထူးသဖြင့် အနောက်ဘင်္ဂလားဒေသ (West Bengal) မှ ပြန်လည်ဝင်ရောက်လာသူများမှတစ်ဆင့် နိုင်ငံတွင်းသို့ ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေး ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများအား အထူးအလေးထား၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားထားသည်။

လတ်တလော နီပါးရ်ဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေသည့်ဒေသများ (ဥပမာ ယခုအခါ အနောက်ဘင်္ဂလားပြည်နယ်) သို့ မလိုအပ်ဘဲခရီးမသွားရန်နှင့် ရောက်ရှိနေသူများသည် ရောဂါဖြစ်ပွားရာ ဒေသများရှိ ဆေးရုံများ သို့မဟုတ် ဖျားနာသူများပြားသည့် နေရာများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမပြုရန် ထုတ်ပြန်ထားရှိသည်။
အဆိုပါ ရောဂါဖြစ်ပွားရာဒေသများသို့ ခရီးသွားခဲ့ပြီး မိမိနိုင်ငံသို့ ပြန်လာစဉ်တွင် သံသယရောဂါများဖြစ်သည့် ပြင်းထန်စွာဖျားခြင်းနှင့် ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းတို့ ခံစားရပါက လေဆိပ်ကျန်းမာရေးဌာန သို့မဟုတ် နယ်စပ်ဝင်/ထွက်ပေါက်များရှိ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများထံ မပျက်မကွက် သတင်းပို့ရန် စီမံထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နီပါးရ်ဗိုင်းရပ်စ် ရောဂါအပါအဝင် ကူးစက်ရောဂါများကြောင့် ဖြစ်ပွားတတ်သော လတ်တလော ဦးနှောက်ရောင်ရောဂါလက္ခဏာစု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများတွင် ပုံမှန်အားဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်ထိ နီပါးရ်ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုနှင့် အလားတူလက္ခဏာများဖြင့် ဆေးရုံတက်ရောက်မှု ဖြစ်စဉ်များ မရှိကြောင်း ဖြေကြားထားသည်။
သံသယလူနာများတွင် နီပါးရ်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု ရှိ/မရှိကို ဓာတ်ခွဲစစ်ဆေးသိရှိနိုင်ရန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်းနှင့် ကုသပေးရေးအတွက် လိုအပ်သည့် ဆေးဝါးနှင့်ဆေးပစ္စည်း ကိရိယာများနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ပြီးဖြစ်ကြောင်း ဖြေကြားထားသည်။
