၂၇.၁.၂၀၂၆
Written by Thiri
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ဒီနေ့ မနက်အစောပိုင်းက နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်တစ်စီး ဒိုက်ဦးမြို့အနီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ မနက် ၆ နာရီ မိနစ် ၃၀ အချိန်ခန့်မှာ ဒိုက်ဦးမြို့နယ်၊ နေပြည်တော်၊ ရန်ကုန်ဘက်ခြမ်း မိုင်တိုင်အမှတ် ၄၆ မိုင် ၅ ဖာလုံ နဲ့ ၆ ဖာလုံကြားမှာ ဒို့ညီနောင်ခရီးသည်တင်ယာဉ် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်ကို ယာဉ်မောင်း ဦးရဲမြင့်ထွေး၊ (၂၆) နှစ်မောင်းနှင်လာတဲ့ Yutong အမျိုးအစား အပြာရောင် ဒို့ညီနောင် Express ယာဉ်မှာ မောင်းနှင်နေစဉ် အခင်းဖြစ်နေရာအရောက် ယာဉ်ရဲ့ နောက်ဖက် အင်ဂျင်ခန်းမှ ဝါယာရှော့ဖြစ်ကာ မီးခိုးထွက်ပြီး မီးလောင်ကျွမ်းကာ ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကို ဘောနတ်ကြီးအမြန်လမ်း မီးသတ်တပ်ဖွဲ့မှ မနက် ၆ နာရီ ၃၅ မိနစ်အချိန်ခန့်မှာ မီးငြှိမ်းသတ်ခဲ့ပြီး ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၅ ဦ်း၊စုစုပေါင်း၂၁ ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းလည်း သိရပါတယ်။
ယာဉ်ရဲ့ နောက်ဘက် မီးလောင်ကျွမ်းခဲ့တဲ့ အင်ဂျင်ခန်းပျက်ဆီးဆုံးရှုံးမှုတန်ဖိုး (၁၅)သိန်းခန့်ဆုံးရှုံးခဲ့ပြီး အမြန်လမ်းမကြီးပျက်စီးမှုမရှိခဲ့သလို ယာဉ်ကြောပိတ်ဆို့မှုလည်းမရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အမြန်လမ်းမကြီးပေါ်မှာ ယာဉ်အား မီးလောင်ကျွမ်းအောင် ပေါ့ဆစွာမောင်းနှင်သူ ဦးရဲမြင့်ထွေး (၂၆)နှစ်ကို ဘောနီရဲစခန်းမှ (ပ)၄/၂ဝ၂၆၊ ရာဇသတ်ကြီး ပုဒ်မ -၂၈၅ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ရက်နေ့ မနက်အစောပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၅/၇)မှာ ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် (၁၁) မိုင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရပါသေးတယ်။
