၂၇.၁.၂၀၂၆
Written by Linn Eain
နယ်သာလန်နိုင်ငံရှိ ICJ တွင် သွားရောက်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ လျှောက်လဲချေပချက်များအား ထောက်ခံဂုဏ်ပြုပွဲကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့၊ ကားပါကင်၌ ဇန်နဝါရီ ၂၈ ရက်၊ နေ့လယ် ၂ နာရီတွင် စတင်ပြုလုပ်ခဲ့သည်။
ထို့ပြင် ဂမ်ဘီယာနိုင်ငံ၏ မဟုတ်မမှန်စွပ်စွဲချက်များကို ကန့်ကွက်ရှုတ်ချသည့် အမျိုးသားရေးဆန္ဒထုတ်ဖော်ပွဲကိုပါ တစ်ပါတည်းပြုလုပ်ခဲ့ပြီး သံဃာတော်နှင့် လူပုဂ္ဂိုလ် စုစုပေါင်း အင်အား ၁၀၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံဂုဏ်ပြုပွဲနှင့် ဟောပြောပွဲတွင် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) မှ အရှင်ဉာဏဓမ္မ၊ အမျိုးသားရေးညီအစ်ကိုမောင်နှမများ(ရန်ကုန်)မှ ဦးဝင်းကိုကိုလတ်၊ ဦးထိန်လင်းတို့က ဟောပြောခဲ့ပြီး ထောက်ခံပွဲများပြုလုပ်ရာတွင်လည်းကောင်း လိုက်နာကြရမည့် အချက်များနှင့်အညီ ပြုလုပ်ခဲ့ကြသည်။
အဆိုပါထောက်ခံပွဲနှင့် ဆန္ဒထုတ်ဖော်ပွဲတွင် ကြွေးကြော်သံများအဖြစ် “(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့… အောင်မြင်ပါစေ။ (၂) လူမျိုးသုဉ်းသတ်ဖြတ်သည်ဟု မဟုတ်မမှန် စွပ်စွဲနေကြသူများအား… အလိုမရှိ၊ (၃) လူမျိုးသုဉ်းသတ်ဖြတ်သည်ဟု သက်သေခိုင်လုံခြင်းမရှိဘဲ စွပ်စွဲနေမှုများ… ချက်ချင်းရပ်” စသည့်ကြွေးကြော်သံသုံးချက်ဖြင့် တက်ရောက်လာသူများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာ ဥပဒေများနှင့်အညီ တရားရင်ဆိုင်ဆဲကာလဖြစ်သဖြင့် အားပေးထောက်ခံမှုများအား လူမှုကွန်ရက်ပေါ်တွင်လည်းကောင်း၊ အဖွဲ့အစည်းများမှ မြို့/ရွာ အသီးသီးတွင် ထောက်ခံပွဲများပြုလုပ်ရာတွင်လည်းကောင်း လိုက်နာကြရမည့် အချက်များကို အထူးသတိပြုကြရန် ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်ထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါအချက်များမှာ (၁) ICJ တရားရုံးနှင့် တရားသူကြီးများအား ဝေဖန်ပုတ်ခတ်ခြင်း၊ ဖိအားပေးသည့်သဘော ရေးသားပြောဆိုခြင်းများ လုံးဝမပြုလုပ်ကြရန်၊ (၂) လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းများ ရေးသားပြောဆိုခြင်း၊ လက်ကိုင်ဆိုင်းဘုတ် ပြုလုပ်ခြင်းများ မပြုလုပ်ကြရန်၊ (၃) တိုင်းရင်းသားအမျိုးအမည်တွင် မပါဝင်သည့်၊ တိုင်းရင်းသားအဖြစ် မသတ်မှတ်ထားသည့် လူမျိုးအမည်အား သုံးစွဲပြီး ထိုအမည်အား အမုန်းစကား (Hate Speech) များ မပြုလုပ်ကြရန်၊ (၄) Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ သက်သေ အထောက်အထားခိုင်လုံစွာဖြင့် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းနေကြောင်းကိုသာ ထောက်ခံရေးသားပြောဆိုကြရန်တို့ဖြစ်ကြောင်း သတင်းအဖွဲ့က ထုတ်ပြန်ထားသည်။














