သက်တံ့
၂၇. ၁. ၂၀၂၆
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းအနောက်ပိုင်း၊ စီစာရူအာဒေသတွင် ပြီးခဲ့သည့် စနေနေ့က ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၃၈ ဦးအထိ ရှိလာပြီဖြစ်ကြောင်းနှင့် သေဆုံးသူများကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် ဆက်လက်လုပ်ဆောင်နေကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီ (BNPB) က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
တနင်္လာနေ့ညနေပိုင်းအထိ သေဆုံးသူ ၂၀ ဦးကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ၎င်းတို့၏ မိသားစုများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ရုပ်အလောင်း ၁၈ ခုကိုမူ ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း BNPB ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ အင်္ဂါနေ့နံနက်ပိုင်းတွင်မူ ရှာဖွေရေးဧရိယာကို တိုးချဲ့နိုင်ရန် စက်ယန္တရားကြီးများ ထပ်မံဖြည့်တင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပြန်လည်စတင်ခဲ့သည်။ အဆိုပါ လုပ်ငန်းများတွင် မြေတူးစက် ၉ စီးအပါအဝင် ကယ်ဆယ်ရေးအင်အား ၈၀၀ ခန့် ပါဝင်ကူညီနေကြသည်။
မြေပြိုမှုကြောင့် အနည်းဆုံး ဒေသခံ ၆၈၅ ဦးခန့် နေရပ်စွန့်ခွာခဲ့ရပြီး လက်ရှိတွင် ကျေးရွာအုပ်ချုပ်ရေးရုံးများနှင့် အခြားယာယီကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေကြရသည်။
အဆိုပါ မြေပြိုမှုသည် နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ဇန်နဝါရီ ၂၄ ရက် (စနေနေ့) က တောင်ကုန်းထူထပ်သော စီစာရူအာဒေသရှိ လျှောစောက်များ၌ မြေသားများ ရေပြည့်ဝကာ ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် ပုံမှန်အားဖြင့် အောက်တိုဘာလမှ မတ်လအထိ မိုးရာသီဖြစ်ပြီး ယင်းကာလအတွင်း ရေကြီးခြင်းနှင့် မြေပြိုခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို မကြာခဏ ရင်ဆိုင်ရလေ့ရှိသည်။
Ref : Xinhua


