၂၇.၁.၂၀၂၆
Written by Thiri
ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်တွေမှာ တစ်ရက်အတွင်း အိမ်ခြေမဲ့သေဆုံးမှု ဖြစ်ရပ်နှစ်ခုနဲ့ အိမ်ခြေမဲ့ နာမကျန်းပြုစုစောင့်ရှောက်ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်တွေက ဇန်နဝါရီ ၂၆ ရက်မှာ လှိုင်သာယာ၊ ကျောက်တံတားနဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာပါ။
လှိုင်သာယာမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်က မနေ့က ဇန်နဝါရီ ၂၆ ရက် မနက်အစောပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဂုံဧရာအဝေးပြေးကားဝင်းအတွင်း သုံးနှစ်နီးပါး အိမ်ခြေမဲ့အဖြစ်နေထိုင်ခဲ့တဲ့ အသက် ၉၆ နှစ်အရွယ် အဘွားတစ်ဦး အသက်အရွယ်ကြောင့် မီးစာကုန် ဆီခမ်းတာရော၊ ဒီရက်ပိုင်းအတွင်း အအေးဒဏ်တွေကြောင့်ပါ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါအဘွား သေဆုံးနေတာကို တာဝန်သိပြည်သူတွေရဲ့ ဆက်သွယ်သတင်းပေးချက်အရ ခွန်အားသစ် လူမှုကူညီရေး ပရဟိတအသင်းက သက်ဆိုင်ရာရဲ့ ညွှန်ကြားချက်နဲ့ လှိုင်သာယာပြည်သူဆေးရုံ ရင်ခွဲရုံဆီပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။
နောက်ဖြစ်ရပ်တစ်ခုက ရန်ကုန်မြို့လည်ခေါင် ကျောက်တံတားမြို့နယ်မှာ ဆီးဝမ်း အညစ်အကြေးတွေနဲ့ အားပြတ်ကာလဲကျနေတဲ့ သက်ကြီးပိုင်းအမျိုးသားကြီးတစ်ဦးကို လင်းလက်လူမှုကူညီရေးအသင်းက သွားရောက်ကာ အညစ်အကြေးတွေ သန့်စင်ပေးတာ၊ အာဟာရဒါနနဲ့ ဆေးဝါးအကူအညီတွေပေးပြီး လွတ်ကင်းရာနေရာတစ်ခုခု ပြောင်းရွှေ့ပေးခဲ့ရတာ ဖြစ်ပါတယ်။
မနေ့က ညပိုင်းမှာတော့ တောင်ဥက္ကလာပ၊ ၅ ရပ်ကွက်၊ ပင်းယ ၁၈လမ်းကြားမှာ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းကို မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေး ယာဉ်နဲ့ စံပြဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့ရပြန်ပါတယ်။
အဆိုပါဖြစ်ရပ်တွေမှာ လူမှုကူညီရေးအသင်းတွေအနေနဲ့ ချိတ်ဆက်ကူညီနိုင်တဲ့ ဘိုးဘွားရိပ်သာတွေဆီ ပို့ဆောင်ဖို့ ကြိုးပမ်းပေးပေမယ့် ကာယကံရှင်တွေက မသွားလိုဘူးလို့ ငြင်းဆန်တာကြောင့် သူတို့နေထိုင်လိုတဲ့နေရာမှာပဲ စောင့်ရှောက်ရင်း ကူညီရတာလို့လည်း ဆိုပါတယ်။
ခွန်အားသစ်လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကျွန်တော်တို့ ဒီအဘွားကို သိနေတာကြာပြီ။ အကြိမ်ကြိမ်လည်း ရိပ်သာပို့ဖို့ ဖျောင်းဖျတယ်။ အဘွားက မသွားချင်တာ။ အနီးအနားလေးမှာ အလှူခံလိုက်။ ပြီးရင် သူစားချင်တာလေးစား၊ အဆင်ပြေသလိုပဲ ခရီးသည်နားနေဆောင်မှာ အိပ်တယ်။ သူက အဲ့လိုလေး နေချင်တာမို့ အခုလိုဆုံးမှပဲ အလောင်းကောက်ရတာပါ” လို့ MT News ကို ပြောပါတယ်။
ရိပ်သာတွေက စည်းကမ်းနဲ့ နေထိုင်ရတာ။ အဘိုအဘွားတို့မှာ ကိုယ်ပိုင်ငွေမရှိဘဲ ကျွေးတာပဲစားရတာက သူတို့ကို သက်သောင့်သက်သာဖြစ်အောင် လုပ်ဆောင်ပေးတယ်လို့ တစ်ဖက်ကယူဆပေမယ့် တစ်ဖက်မှာတော့ သူတို့ရဲ့ စိတ်ပိုင်း ရုပ်ပိုင်း အလိုမပြည့်စုံတဲ့အဖြစ်တွေလည်း ကြုံတွေ့ကြရတာကို သိမြင်ရပါတယ်။
လင်းလက်လူမှုကူညီရေးအသင်းမှ ဆရာမ ဇော်မိမိက “ပို့ချင်တိုင်းလည်း ပို့လို့မရပါဘူး။ သူတို့ရဲ့ စိတ်ဆန္ဒကိုလည်း အလေးထားပေးရမယ်လေ။ ဆုံးသွားရင်တော့ အနည်းဆုံး ဘာသာရေးအရ အစဉ်အလာတွေ အကုန်လုပ်သင့်တာ အသင်းအနေနဲ့ပဲဖြစ်ဖြစ် ကျွန်မတို့က ဖြစ်အောင်လုပ်ပေးလိုက်တယ်။ တစ်ဘဝ တစ်ခန္ဓာတော့ အေးချမ်းအောင်ပေါ့။ ကျွန်မတို့က အလောင်းကောက်တယ်။ ရင်ခွဲရုံပို့ပေးရတယ်။ ပိုင်ရှင်မဲ့အဖြစ် အစိုးရစရိတ်နဲ့ သင်္ဂြိုဟ်တယ်။ အလှူရှင်ရှိရင်လည်း သီးသန့်လေး သင်္ဂြိုဟ်ခွင့် ရပါတယ်” လို့ ပိုင်ရှင်မဲ့ အိမ်ခြေမဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကြုံတွေ့လုပ်ဆောင်နေရတဲ့ အခြေအနေတွေကို ရှင်းပြပါတယ်။



