၂၇.၁.၂၀၂၆
Written by NYL
၂၀၂၅ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပခဲ့သည့် ရန်ကုန်တိုင်းရှိ ၁၇ မြို့နယ်တွင် ပြည်သူ့ပါတီက မြို့နယ်အများစု၌ ဒုတိယနေရာရလဒ်သာ ရရှိခဲ့ကြောင်း ပြည်သူ့ပါတီ၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက ဇန်နဝါရီ ၂၆ ရက်က ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အပိုင်း(၃) ကျင်းပခဲ့သည့် ၁၇ မြို့နယ်မှ ကိုယ်စားလှယ်လောင်းများအနေဖြင့် ရလဒ်များ သိရှိရန် လုပ်ဆောင်နေဆဲဖြစ်ပြီး အကြမ်းဖျင်းသိထားရမှုအရ ခန့်မှန်းအားဖြင့် ၁၅ မြို့နယ်တွင် ဒုတိယနေရာနှင့် ၂ မြို့နယ်တွင် တတိယနေရာဝင်ခဲ့ကြောင်း ဦးလှဌေးက ပြောကြားခဲ့သည်။


ပြည်သူ့ပါတီ၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက “ရလဒ်တွေကတော့ မရသေးဘူးပေါ့နော်။ တချို့လည်း လက်မှတ်ထိုးဖို့ခေါ်လို့ သွားနေတယ်။ လောလောဆယ်အခြေအနေမှာ အကြမ်းဖျင်းသိရတာကတော့ မြို့နယ်အများစုမှာတော့ ကျွန်တော်တို့ ပြည်သူ့ပါတီက ဒုတိယနေရာလိုက်ပါတယ်။ ရန်ကုန်တိုင်းထဲက ၁၇ မြို့နယ်လုံးတော့ မရဘူး။ ခန့်မှန်းပြောရရင် ၁၅ မြို့နယ်လောက်မှာပဲ ဒုတိယနေရာလိုက်ပါတယ်။ ကျန်တဲ့ ၂ နေရာလောက်ကတော့ တတိယနေရာဝင်သွားတယ်”ဟု ပြောကြားခဲ့သည်။
သို့သော် အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့် ဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်းနေရာအချို့တွင် ပြည်သူ့ပါတီက နေရာအချို့ရလာနိုင်သေးကြောင်း ဦးလှဌေးက ဆက်လက်ပြောကြားခဲ့သည်။
“PR တွေကတော့ ဝင်လာနိုင်ပါတယ်”ဟု ဦးလှဌေးက ပြောကြားခဲ့သည်။
ထို့ပြင် လမ်းမတော်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးအပါအဝင် အခြားလွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း ဒုတိယနေရာရလဒ်သာရရှိခဲ့ကြောင်း ဦးလှဌေးက ဆက်လက်ပြောကြားခဲ့သည်။


