
၂၄-၁-၂၀၂၆
MT News Editorial
မြန်မာ့နိုင်ငံရေး သမိုင်းသစ်ကို အလှည့်အပြောင်းပေးမည့် ၂၀၂၅-၂၀၂၆ အထွေထွေရွေးကောက်ပွဲ၏ နောက်ဆုံးသော အဆုံးအဖြတ်အခိုက်အတန့်သို့ ကျွန်ုပ်တို့ ဆိုက်ရောက်လာပြီဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နှင့် ဇန်နဝါရီ ၁၁ ရက်တို့တွင် ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) တို့၌ NUG၊ PDF နှင့် EAOs တို့၏ အဖျက်အမှောင့်ပေါင်းစုံ၊ ခြိမ်းခြောက်မှုပေါင်းစုံနှင့် တိုက်ခိုက်ဖျက်ဆီးမှုများကြားမှ ပြည်သူလူထုသည် မဆုတ်မနစ်သော ဇွဲသတ္တိဖြင့် မဲရုံများသို့ တစ်ခဲနက် ချီတက်ခဲ့ကြသည်။ ထိုမြင်ကွင်းသည် မြန်မာပြည်သူတို့၏ ငြိမ်းချမ်းရေးအပေါ် တောင့်တမှုနှင့် ဒီမိုကရေစီအပေါ် ထားရှိသည့် ခိုင်မာသော ယုံကြည်ချက်ကို ကမ္ဘာက အံ့အားသင့်ဖွယ် မြင်တွေ့ခဲ့ရခြင်းလည်း ဖြစ်သည်။
နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများ၏ လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်ကြောင်း အသိအမှတ်ပြုမှုနှင့်အတူ ပြည်သူတို့၏ မြင့်မားသော တာဝန်သိစိတ်ကြောင့်ပင်လျှင် တစ်ကျော့ပြန် ဒီမိုကရေစီခရီးစဉ်သည် ယခုအခါ ပီပြင်စွာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပြီးမနက်ဖြန်တွင် ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းသည် ဤလှပသော သမိုင်းပန်းချီကားကို အချောသတ် မှုန်းခြယ်ပေးတော့မည်ဖြစ်သည်။
ရွေးကောက်ပွဲ ပထမပိုင်းနှင့် ဒုတိယပိုင်းတို့မှ ထွက်ပေါ်လာသော အချက်အလက်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အစိုးရဖွဲ့နိုင်မည့် အမတ်ဦးရေအနီးကို ခိုင်ခိုင်မာမာ ရရှိထားပြီး ဖြစ်သည်။ ထို့အပြင် ယခုရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ယှဉ်တွဲကျင့်သုံးထားခြင်းကြောင့် တိုင်းရင်းသားပါတီများနှင့် ပါတီငယ်များစွာ လွှတ်တော်အတွင်းသို့ ကိုယ်စားပြု ပါဝင်ခွင့်ရရှိလာကြပြီဖြစ်သည်။ ဤသည်မှာ လူနည်းစု အသံများကိုပါ နားထောင်မည့်၊ မတူကွဲပြားသော အမြင်များကို စုစည်းပေးမည့် “သိက္ခာရှိသော လွှတ်တော်သစ်” တစ်ရပ် ပေါ်ထွန်းလာတော့မည်ဖြစ်ကြောင်း ခိုင်မာသော နိမိတ်ပုံပင် ဖြစ်သည်။ မနက်ဖြန်တွင် ပေးကြမည့် ပြည်သူတို့၏ ဆန္ဒမဲများသည် ဤတည်ဆောက်ဆဲ လွှတ်တော်ဒီမိုကရေစီ ယန္တရားကြီးကို ပိုမိုတောင့်တင်းခိုင်မာစေမည်မှာ ဧကန်မလွဲပင် ဖြစ်သည်။
ရွေးကောက်ပွဲ အပိုင်း (၃) ပြီးဆုံးသည်နှင့် နောက်ထပ် နှစ်လအတွင်း လွှတ်တော်သစ်တစ်ရပ်ကို ခေါ်ယူကျင်းပတော့မည် ဖြစ်သည်။ ဤလွှတ်တော်သည် စစ်ပွဲများ ရပ်တန့်ရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် အဘက်ဘက်က ယိုင်နဲ့နေသော လူမှုစီးပွားဘဝများကို ပြန်လည်ကုစားရေးအတွက် အဓိကကျသော လမ်းပြမြေပုံ ဖြစ်လာမည်ဖြစ်သည်။ နိုင်ငံသားတို့ မျှော်လင့်တောင့်တနေသည့် “စစ်မီးငြိမ်းရာ မြေ” သို့ ရောက်ရှိနိုင်ရန်မှာ မနက်ဖြန်တွင် ပြည်သူတို့ မဲရုံများသို့ မည်မျှအင်တိုက်အားတိုက် ထွက်လာကြမည်ဆိုသည့်အပေါ်တွင် လုံးဝမူတည်နေပါသည်။ ပြည်သူလူထု၏ တစ်ခဲနက်သော ပါဝင်မှုသည်သာလျှင် ပေါ်ပေါက်လာမည့် အစိုးရသစ်အတွက် အင်အားအရှိဆုံးသော “တရားဝင်မှု” (Legitimacy) ကို ပေးစွမ်းနိုင်မည် ဖြစ်သည်။
ကျွန်ုပ်တို့ မျှော်လင့်နေသည့် ဧပြီလအတွင်း ပေါ်ပေါက်လာမည့် အစိုးရသစ်တွင် မည်သို့သော ပုဂ္ဂိုလ်များက ဦးဆောင်သည်ဖြစ်စေ၊ ထိုအစိုးရ၏ နောက်ကွယ်တွင် ပြည်သူတို့၏ မဲဆန္ဒအင်အား ပါရှိနေခြင်းကသာလျှင် နိုင်ငံကို အမှန်တကယ် ပြောင်းလဲနိုင်မည့် စွမ်းအားကို ရရှိစေမည်ဖြစ်သည်။
ပြည်သူတို့သည် အကြောက်တရားကို ဘေးဖယ်ကာ မိမိတို့၏ အနာဂတ်အတွက် ရဲဝံ့စွာ ဆုံးဖြတ်ခဲ့ကြသည့် အစဉ်အလာအတိုင်း မနက်ဖြန်တွင်လည်း သမိုင်းပေးတာဝန်ကို ထပ်မံကျေပွန်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် မနက်ဖြန် ဇန်နဝါရီ ၂၅ ရက်နေ့သည် မြန်မာနိုင်ငံသားတို့၏ ဇွဲ၊ လုံ့လနှင့် ဉာဏ်ပညာကို ကမ္ဘာသိအောင် ထပ်မံ ပြသရမည့် နေ့ပင်ဖြစ်ပေသည်။ မိမိတို့၏ မဲတစ်ပြားသည် သေနတ်သံများကို တိတ်ဆိတ်သွားစေနိုင်ပြီး စစ်ဘေးရှောင်စခန်းများမှ ပြည်သူများနှင့် ကိုယ်ကျိုးရှာလူတစ်စု၏ အခိုင်းစေခံ PDF လူငယ်လေးများ မိဘရင်ခွင်သို့ ပြန်ဝင်နိုင်စေမည့် သော့ချက်ဖြစ်ကြောင်းလည်း နှလုံးသွင်းရမည် ဖြစ်သည်။ နိုင်ငံသားတိုင်းသည် ဤသမိုင်းဝင် အခွင့်အရေးကို အရယူကာ၊ ပထမနှင့် ဒုတိယအကြိမ်များကဲ့သို့ပင် တစ်ခဲနက်သော အင်အားဖြင့် မဲရုံများသို့ ချီတက်ကြပါရန် MT News က လေးနက်စွာ တိုက်တွန်းအပ်ပါကြောင်းနှင့် ပြည်သူတို့၏ ညီညွတ်သော မဲဆန္ဒဖြင့်သာလျှင် ကျွန်ုပ်တို့ အားလုံး မျှော်လင့်နေသည့် ငြိမ်းချမ်းသာယာသော နိုင်ငံတော်သစ်ဆီသို့ အရောက်လှမ်းနိုင်မည် ဖြစ်ကြောင်း လေးစားစွာဖြင့် တင်ပြအပ်ပါသည်။
