
၂၄.၁.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘန်ဆင့်က အိန္ဒိယရှိ ရေနံချက်စက်ရုံများသည် ရုရှားနိုင်ငံမှ ရေနံဝယ်ယူမှုကို သိသိသာသာလျှော့ချခဲ့ကြောင်း တွေ့ဆုံမေးမြန်းပွဲတစ်ရပ်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုသမ္မတ ထရမ့်ပ်က နိုင်ငံများစွာအတွက် အခွန်စည်းကြပ်မှုများ ပြုလုပ်နေစဉ် ၂၀၂၅ ခုနှစ် အိန္ဒိယသွင်းကုန်များအပေါ် ကုန်သွယ်စည်းကြပ်ခွန်များကို ၂၅ ရာခိုင်နှုန်းသတ်မှတ်ခဲ့သည်။ တို့နောက်တွင် အိန္ဒိယအနေဖြင့် ရုရှားနိုင်ငံမှရေနံများကို ဝယ်ယူနေခြင်းကြောင့်ဟုဆိုကာ သြဂုတ်လတွင် နှစ်ဆတိုးမြှင့်ခဲ့ပြီး ၅၀ ရာခိုင်နှုန်းအထိ သတ်မှတ်ခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီး ဘန်ဆင့်က ဇန်နဝါရီလ ၂၃ ရက်တွင် Politico သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းပွဲတစ်ခုအတွင်း အိန္ဒိယရှိ ရေနံချက်စက်ရုံများက ရုရှားရေနံဝယ်ယူမှုကို သိသိသာသာလျှော့ချခဲ့ကြောင်း၊ ၎င်းက အောင်မြင်မှုတစ်ခုဖြစ်ကြောင်းလည်း ပြောခဲ့ခြင်းဖြစ်သည်။
ဤသို့လျှော့ချမှုများကြောင့် အိန္ဒိယ၏ရေနံချက်စက်ရုံများမှ ရုရှားရေနံဝယ်ယူမှုများ ပြိုလဲသွားခဲ့ကြောင်း လည်း ၎င်းကပြောခဲ့သေးသည်။
သို့သော် ဘန်ဆင့်က အိန္ဒိယအပေါ် အခွန်များကို ဆက်လက်ချမှတ်ထားဆဲဖြစ်ကြောင်း၊ ရုပ်သိမ်းမှုမပြု သေးကြောင်း ဝန်ခံခဲ့ပြီး အမေရိကန်အစိုးရအနေဖြင့် ၎င်းတို့ကို ရုပ်သိမ်းနိုင်ကြောင်းကို အရိပ်အမြွက် ပြောကြားခဲ့သည်။
အိန္ဒိယနှင့် အမေရိကန်အကြား လက်ရှိကုန်သွယ်ရေးဆွေးနွေးပွဲများအတွင်းတွင်လည်း အမေရိကန် အစိုးရ၏ အဓိကအရာရှိတစ်ဦးက အစိုးရအနေဖြင့် အိန္ဒိယမှ တင်သွင်းသောကုန်စည်များအပေါ် လက်ရှိကုန်သွယ်စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းအား ထက်ဝက်လျှော့ချရန် စဉ်းစားနိုင်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့သေးသည်။
Ref- Hindustan Times
