◾️ ဒေါ်အောင်ဆန်းစုကြည်တို့၏အမှုသည် နိုင်ငံရေးအမှုဆိုခြင်းထက် လာဘ်ပေးလာဘ်ယူ ရာဇဝတ်မှုများနှင့် စွဲဆိုခံထားရသည့်အတွက် တရားဥပဒေအတိုင်းသာ ဆက်လက်ဆောင်ရွက်မည်

၂၄. ၁. ၂၀၂၆
Written by Nyein Kyaw
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်ဆေးတပ်ဖွဲ့တို့မှ ပါရဂူများ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးနေကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ပြင်ဦးလွင်မြို၊ အနီးစခန်း၌ ယနေ့ ကျင်းပသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံး သိမ်းဆည်းရမိမှုနှင့် ပတ်သက်သည့် ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“အဲဒါနဲ့ ပတ်သက်ပြီး အချက်သုံးချက်ပဲပြောမယ်။ နံပါတ်တစ်အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်။ နံပါတ်နှစ်အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနက ပါရဂူတွေရော၊ တပ်မတော်ဆေးတပ်ဖွဲ့က ပါရဂူတွေရော ဝိုင်းဝန်းပြီးတော့ ကျွန်တော်တို့ ကူညီစောင့်ရှောက်မှုပေးနေတယ်။ ဆေးနဲ့ပတ်သက်လာပြီးတော့ စစ်ဆေးမှုတွေ အမြဲတမ်းပြုလုပ်နေပါတယ်။ ကျန်းမာရေးကောင်းပါတယ်။ နံပါတ်သုံးအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမှုနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမှုက နိုင်ငံရေးအမှုဆိုတာထက် ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့ဟာတွေဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုတို့၊ ဘာတို့နဲ့ စွဲဆိုထားတာဖြစ်ပါတယ်။ စွဲဆိုခံထားရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ တရားဥပဒေအတိုင်းပဲဆက်ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
