◾️ မြန်မာပြည်သူများ နိုင်ငံသားတာဝန်ကို အပြည့်အ၀ကျေပွန်အောင် ထမ်းဆောင်နိုင်ကြပြီး ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ပြီးဆုံးပါစေကြောင်းပါ ဆုမွန်ကောင်းတောင်း

၂၄. ၁. ၂၀၂၆
Written by Nyein Kyaw
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမှု၊ မဲပေးသည့်နေရာ၊ မဲရုံများတွင် ပြည်သူများက တက်တက်ကြွကြွပါဝင်ခဲ့ပြီး အရေးကြီးဆုံးဖြစ်သည် မဲရုံများတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆန္ဒမဲပေးသူများ အေးအေးဆေးဆေး မဲပေးနိုင်ခြင်းကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး H. E. Mr. Uladzimir Baravikou က ပြောကြားသည်။
ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးသည် အပိုင်းလိုက်ကျင်းပနေသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁)နှင့် အပိုင်း (၂) တို့ကို စောင့်ကြည့်လေ့လာခဲ့သူဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက် (ယမန်နေ့)တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) ကိုလည်း စောင့်ကြည့်လေ့လာသွားမည်ဖြစ်၍ ရွေးကောက်ပွဲ အစမှအဆုံးအထိ စောင့်ကြည့်လေ့လာခဲ့သူဖြစ်သည်။
မြန်မာနိုင်ငံ ပြည်သူပြည်သားများအတွက် အရေးကြီးလှသည့် လုပ်ငန်းစဉ်ကြီးတစ်ခုဖြစ်သည့် ရွေးကောက်ပွဲအတွက် လာရောက်လေ့လာစောင့်ကြည့်ရန် ဖိတ်ခေါ်သည့်အချိန်တွင် ဝမ်းမြောက်ဝမ်းသာ သဘောတူခဲ့ကြောင်း၊ ဘယ်လာရုစ်နိုင်ငံ သံရုံးအနေနှင့် ရွေးကောက်ပွဲ၏ ပထမအဆင့်မှစတင်ပြီး တတိယအဆင့်အထိတိုင်အောင် အဆက်မပြတ် လေ့လာစောင့်ကြည့်ခဲ့ကြောင်း ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးက ပြောကြားသည်။
“ဒီလိုမျိုးစောင့်ကြည့်ခဲ့တဲ့အခါမှာ ရွေးကောက်ပွဲမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ဥပဒေတွေ၊ နောက်တစ်ခါ ရွေးကောက်ခံတဲ့ကိုယ် စားလှယ်တွေနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် ပြည်သူပြည်သားတွေရဲ့ မဲဆန္ဒရွေးချယ်မှုအပေါ်မှာပဲဖြစ်ဖြစ် မဲပေးတဲ့နေရာတွေ၊ မဲရုံတွေမှာဆိုရင်လည်း ပြည်သူတွေအနေနဲ့ တက်တက်ကြွကြွပါဝင်ပြီးတော့ ပေးနေကြတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ အရေးကြီးဆုံးအနေနဲ့ ပြောရမယ်ဆိုရင် မဲရုံတွေမှာ ဘေးအန္တရယ်ကင်းကင်းရှင်းရှင်းနဲ့ မဲဆန္ဒပေးတဲ့သူတွေ အေးအေးဆေးဆေး မဲပေးနိုင်တာကို ကျွန်တော်တို့ တွေ့ရပါတယ်” ဟု ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးက ပြောကြားသည်။
စောင့်ကြည့်လေ့လာသူများအနေဖြင့်လည်း မဲရုံများကို သွားရောက်လေ့လာသည့်အချိန် Comfortable ဖြစ်ဖြစ် အေးအေးဆေးဆေးနှင့် သက်တောင့်သက်သာ လေ့လာချင်သည့်အရာများကို သေသေချာချာ လေ့လာနိုင်ခဲ့ကြောင်း ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးက ပြောကြားသည်။
“မနက်ဖြန် ကျွန်တော်တို့ရဲ့ Mission ဖြစ်တဲ့ ကျွန်တော်တို့ လေ့လာစောင့်ကြည့်မှုတာဝန် ပြီးဆုံးမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံပြည်သူပြည်သားတွေကို ဆုတောင်းဆန္ဒပြုလိုပါတယ်။ အဲဒါကတော့ မနက်ဖြန် အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြည်သူပြည်သားတွေရဲ့ တာဝန်ကို အပြည့်အ၀ ကျေပွန်အောင် ထမ်းဆောင်နိုင်ကြပါစေ။ ကျင်းပနေတဲ့ ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးပါစေကြောင်း ကျွန်တော် ဆုမွန်ကောင်း တောင်းလိုပါတယ်” ဟု ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးက ပြောကြားသည်။
