သက်တံ့
၃. ၂. ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်သည် အိန္ဒိယမှတင်သွင်းသော ကုန်ပစ္စည်းများအပေါ် ကောက်ခံသည့် အခွန်နှုန်းကို ၅၀ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းသို့ လျှော့ချရန် သဘောတူညီခဲ့ပြီး ယင်းကဲ့သို့လျှော့ချမှုအဖြစ် အိန္ဒိယကလည်း ကုန်သွယ်ရေးအတားအဆီးများကို လျှော့ချရန်နှင့် ရုရှားရေနံဝယ်ယူမှုကို ရပ်တန့်ပြီး အမေရိကန် သို့မဟုတ် ဗင်နီဇွဲလားနိုင်ငံတို့မှ ရေနံကို အစားထိုးဝယ်ယူရန် သဘောတူခဲ့သည်။
”ဝန်ကြီးချုပ် မိုဒီအပေါ်ထားရှိတဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ လေးစားမှုအရ၊ သူ့ရဲ့တောင်းဆိုချက်အတိုင်း အမေရိကန်နဲ့ အိန္ဒိယကြား ကုန်သွယ်ရေးသဘောတူညီချက်ကို ချက်ချင်းအကောင်အထည်ဖော်ဖို့ သဘောတူလိုက်ပါတယ်။ ဒါကြောင့် အမေရိကန်က အရင်ကောက်ခံနေတဲ့ ၂၅ ရာခိုင်နှုန်း အပြန်အလှန်အခွန်နှုန်းကို ၁၈ ရာခိုင်နှုန်းအထိ လျှော့ချကောက်ခံသွားမှာပါ” ဟု ဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် ဖုန်းဖြင့်စကားပြောဆိုပြီးနောက် ထရမ့်ပ်က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
အိမ်ဖြူတော်အရာရှိတစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားရာတွင် အိန္ဒိယသည် ရုရှားရေနံဝယ်ယူနေမှုကြောင့် ယခင်က သီးသန့်စည်းကြပ်ထားသည့် ၂၅ ရာခိုင်နှုန်း အပြစ်ပေးအခွန်ကို အမေရိကန်က ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် အိန္ဒိယသည် အမေရိကန်၏ စွမ်းအင်၊ နည်းပညာ၊ စိုက်ပျိုးရေးနှင့် အခြားထုတ်ကုန်များကို ဒေါ်လာ ၅၀၀ ဘီလျံကျော်ဖိုး ဝယ်ယူရန်လည်း ကတိပြုခဲ့သည်ဟု ထရမ့်က ထည့်သွင်းပြောကြားခဲ့သည်။
”ဒီနေ့ ကျွန်တော့်ရဲ့ မိတ်ဆွေရင်း သမ္မတထရမ့်နဲ့ စကားပြောခွင့်ရတာ ဝမ်းသာပါတယ်။ ‘Made in India’ ထုတ်ကုန်တွေအပေါ် အခွန်နှုန်း ၁၈ ရာခိုင်နှုန်းအထိ လျှော့ချပေးတဲ့အတွက်လည်း ကျေနပ်မိပါတယ်” ဟု မိုဒီက X (ယခင် Twitter) တွင် ရေးသားခဲ့ပြီး အိန္ဒိယပြည်သူ ၁ ဒသမ ၄ ဘီလျံကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယခင်က အမေရိကန်သမ္မတသည် အိန္ဒိယ၏ ရုရှားရေနံဝယ်ယူမှုအပေါ် အပြစ်ပေးသည့်အနေဖြင့် ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်ခဲ့သလို၊ “အပြန်အလှန်အခွန်” (Reciprocal Tariff) အဖြစ်လည်း နောက်ထပ် ၂၅ ရာခိုင်နှုန်း၊ စုစုပေါင်း ၅၀ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်သည် အိန္ဒိယ၏ အဓိကဈေးကွက်ဖြစ်သောကြောင့် ယင်းအခွန်နှုန်းသည် အိန္ဒိယစီးပွားရေးလုပ်ငန်းများကို အကြီးအကျယ် ထိခိုက်ခဲ့ရသည်။
ယခုသဘောတူညီချက်နှင့် ပတ်သက်၍ Asia Pacific Foundation of Canada မှ Vina Nadjibulla က “အခုလောလော ဆယ်တော့ ဒါဟာ အခွန်လျှော့ချရေးနဲ့ တင်းမာမှုလျှော့ချရေး သဘောတူညီချက်လို့ပဲ မြင်ရသေးတယ်။ ဝန်ကြီးချုပ် မိုဒီဘက်က အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အခွန်လျှော့ချပေးမယ့်ကိစ္စကို အတည်ပြုပြောဆိုခြင်း မရှိသေးလို့ပါ” ဟု သတိပြုဖွယ် ထောက်ပြထားသည်။
Ref: Al Jazeera
