၃.၂.၂၀၂၆
Written by Linn Eain
သီလဝါဆိပ်ကမ်းတွင် အရည်အသွေးစံသတ်မှတ်ချက် ကိုက်ညီမှုမရှိသည့် ရိုးရိုးဒီဇယ်ဆီ (HSD 500 PPM) တင်ဆောင်လာသည့် သင်္ဘောတစ်စီးကို မူလတင်ပို့ရာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းရှိ Apex Terminal သို့ ဇန်နဝါရီ ၂၆ ရက်က Tanker ဖြင့် ရောက်ရှိလာသည့် ရိုးရိုးဒီဇယ်ဆီ (HSD 500 PPM) အား နမူနာရယူ၍ ဓာတ်ခွဲခန်းတွင် အရည်အသွေး စမ်းသပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဓာတ်ခွဲစမ်းသပ်မှုရလဒ်အရ အဆိုပါတင်ဆောင်လာသည့် ရိုးရိုးဒီဇယ်ဆီ (HSD 500 PPM) သည် စံသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့်အတွက် သုံးစွဲသူပြည်သူများ နစ်နာမှုမရှိစေရေး ဆီချခွင့်မပြုဘဲ မူလတင်ပို့ရာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့သည်။
စွမ်းအင်ဝန်ကြီးဌာနသည် ပြည်ပမှ စက်သုံးဆီတင်သွင်းနေရမှုများကို လျှော့ချနိုင်ရန်နှင့် ပြည်တွင်းတွင် ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ရန်အတွက် ရေနံချက်စက်ရုံ စီမံကိန်းများကို အပိုင်းလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တင်သွင်းနေရလျက်ရှိရာ တင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီရေး၊ ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင် စက်သုံးဆီများကို ပြည်ပမှဝယ်ယူရေး၊ ရေနံထွက်ပစ္စည်းဖြည့်ဆည်းမှု ကွင်းဆက် (Supply Chain) အဆင်ပြေ ချောမွေ့မှုရှိစေရေးတို့အတွက် စွမ်းအင်ဝန်ကြီးဌာနအနေ ဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
