ပုံစာ။ အင်းတိုင်ရွာအနီး ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ယာဥ်တိုက်မှုမြင်ကွင်း (Photo - Credit)
သက်တံ့
၃.၂. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ယနေ့ ဖေဖော်၀ါရီ ၃ ရက် နံနက် ၇ နာရီခွဲခန့်အချိန်က အထည်ချုပ်စက်ရုံ ကြိုပို့ယာဥ်နှင့် မီနီဘတ်စ် ယာဥ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး လူ ၄ ဦး သေဆုံးကာ ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရသည်။
ဖြစ်စဥ်မှာ လှည်းကူးမြို့နယ်၊ အမှတ် (၂) လမ်းမကြီး၊ အင်းတိုင်ကျေးရွာအနီးတွင် အထည်ချုပ်စက်ရုံ ဖယ်ရီယာဥ်က အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောအတွင်းသို့ ရောက်ရှိသွားစဉ် တစ်ဖက်ယာဥ်ကြောရှိ မီနီဘတ်စ်ခရီးသည်တင်ယာဥ်နှင့် တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် ယာဉ်နှစ်စီးလုံး ပျက်စီးသွားပြီး ယာဉ် (၂) စီးပေါ်ပါ လူ ၄၀ ခန့်အနက် ယာဥ်မောင်း အမျိုးသား (၁) ဦးနှင့် အမျိူးသမီး (၃) ဦး သေဆုံးကာ ရှစ်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့သည့်အပြင် လူ ၂၀ ခန့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
သေဆုံး ဒဏ်ရာရသူများကို လှည်းကူးနှင့် မြောက်ဥက္ကလာပဆေးရုံကြီးတို့သို့ ပရဟိတအသင်းများက ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူများက အခင်းဖြစ်စဥ်ကို စစ်ဆေးနေကြောင်း သိရသည်။
ပုံစာ။ အင်းတိုင်ရွာအနီး ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ယာဥ်တိုက်မှုမြင်ကွင်း (Photo – Credit)







