၃.၂.၂၀၂၆
Written By Thandar
လာမယ့် ဖေဖော်ဝါရီ ၇ ရက် ညနေ ၆ နာရီ နေပြည်တော် MICC-1 မှာ ကျင်းပမယ့် “၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ”မှာ ရွှေစင်ရုပ်တုနဲ့ ရွှေစင်ကြယ် ငါးကျပ်သားကို နိုင်ငံတော်အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အကုန်ကျခံပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဆုတွေနဲ့ပတ်သက်ပြီးတော့ ဆုရွေးချယ်ပွဲအဖွဲ့သတ်မှတ်ထားတဲ့ ဆုအတိုင်း ပေးအပ်သွားမှာပါ။ ပြန်ကြားရေးဝန်ကြီးဌာနက နေပြည်တော်က MICC-1 ခန်းမနဲ့ နေထိုင်ရေးအပိုင်း၊ Red Carpet ကို၊ စင်မြင့်ပြင်ဆင်မှုအပိုင်းတွေကို တာဝန်ယူပေးထားပါတယ်။ ပေးအပ်ချီးမြှင့်မယ့် ရွှေစင်ရုပ်တုတွေ၊ ရွှေကြယ်တွေကို နိုင်ငံတော် ပြန်ကြားရေးဝန်ကြီးဌာနက ကူညီပံ့ပိုးပေးထားပါတယ်။ အထူးဧည့်သည်တော်တွေ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆောင်ရွက်ပေးပါတယ်။ နေပြည်တော်မှာ သွားလာရေးနဲ့ စားသောက်ဖို့အတွက်လည်း ပံ့ပိုးပေးပါတယ်”လို့ ဦးချမ်းသာကြည်စိုး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (တွဲဖက်အတွင်းရေးမှူး)က MT Entertainment ကို ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီပွဲလောက် ဖျော်ဖြေရေးအပိုင်းတွေ ထည့်သွင်းသွားမှာ မဟုတ်ဘဲ ပွဲအချိန် သွက်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။ ယခင်ကျင်းပနေကြအတိုင်း မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုကို ဆုပေါင်း ၁၁ ဆု သို့မဟုတ် အထူးဆုအပါအဝင် ဆုပေါင်း ၁၂ ဆုချီးမြှင့်မှာဖြစ်သလို ရုပ်ရှင်တစ်သက်တာဆုနဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး Myanmar Academy Fashion Award ဆုတွေကို ပေးအပ်သွားမှာလည်းဖြစ်ပါတယ်။
အကယ်ဒမီပေးပွဲမှာ ရွှေကြိုမောင်မယ် ၁၈ တွဲ အသုံးပြုပြီး အကယ်ဒမီ ရွှေစင်ရုပ်တုမှာ ရွှေစင်ကြယ်ကို ရွှေငါးကျပ်သား ချီးမြှင့်ပေးအပ်မှာလည်း ဖြစ်ပါတယ်။
“ရုပ်ရှင်အစည်းအရုံးအနေနဲ့ အကယ်ဒမီနဲ့ပတ်သက်ပြီး အကဲဖြတ်ပြီး လုပ်ငန်းစဉ်တွေ ရွှေကြိုမောင်မယ်တွေကို ရွေးချယ်ပြီး ပွဲဝင်နိုင်ဖို့ အဆင့်သင်ဆောင်ရွက်ပေးပါတယ်။ အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားပေးရပါတယ်။ တချို့က ကိုယ့်အစီအစဉ်နဲ့သွားကြသလို့ ရုပ်ရှင်အစည်းအရုံးနဲ့ လိုက်ပါမယ့်သူတွေအတွက်လည်း မြန်မာ့မီးရထားနဲ့ ညှိနှိုင်းပြီးတော့ မီးရထားနဲ့သွားကြမှာပါ။ နေပြည်တော်သွားလာရေး၊ စားသောက်ရေးအပိုင်းတွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အလှူရှင်တွေရဲ့ ကူညီမှုနဲ့ ဆောင်ရွက်ပေးပါတယ်”လို့ ဦးချမ်းသာကြည်စိုးက ဆက်လက်ပြောပါတယ်။
#အကယ်ဒမီရွှေစင်ရုပ်ထု #ချမ်းသာကြည်စိုး
#MMPA #MyanmarAcademy #FashionAward #ShweSinKyal #အကယ်ဒမီရွှေစင်ကြယ်


