သတိုး
၃. ၁. ၂၀၂၆
အမေရိကန်ပြည်ထောင်စုတွင် ဘတ်ဂျက်အတည်ပြုမှုမရသဖြင့် လုပ်ငန်းပုံမှန် မလည်ပတ်နိုင်သေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထပ်မံအသိပေး ကြေညာထားသည်။
“ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးသည့် ကြားကာလ(lapse in appropriations) တွင် ပုံမှန် လုပ်ငန်းဆောင်တာများအပြည့်အဝ မဆောင်ရွက်နိုင်သေးသည့်အတွက်ကြောင့် ဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ အရေးပေါ်သတင်းအချက်အလက်များမှအပ ဤ Facebook အကောင့်တွင် အကြောင်းအရာအသစ်များ ထပ်မံတင်မည် မဟုတ်ပါ။ ယခုအချိန်တွင် ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးသည့် ကြားကာလအတွင်း အမေရိကန်ပြည်ထောင်စုနှင့် ပြည်ပရှိ အမေရိကန်သံရုံးများ၊ ကောင်စစ်ဝန်ရုံးများတွင် ရက်ချိန်းယူထားသော နိုင်ငံကူးလက်မှတ် (passport) နှင့် ဗီဇာ (visa) ဝန်ဆောင်မှုများကို အခြေအနေခွင့်ပြုချက်အရ ဆက်လက်ဆောင်ရွက်သွားပါမည်။ ပုံမှန်လုပ်ငန်းဆောင်တာများ အပြည့်အဝ မဆောင်ရွက်နိုင်သေးသည့် ကာလအတွင်း ဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ အရေးပေါ်သတင်းအချက်အလက်များမှအပ ဤအကောင့်တွင် အကြောင်းအရာအသစ်များကို မိမိတို့ ထပ်မံတင်မည်မဟုတ်ပါ။ မိမိတို့၏ ဝန်ဆောင်မှုများနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေဆိုင်ရာ အချက်အလက်များအတွက် travel.state.gov တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။” ဟု အမေရိကန်သံရုံးက ကြေညာသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၃၀ ရက်ကလည်း အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်၏ အစိုးရအဖွဲ့သည် စက်တင်ဘာလ ၃၀ ရက်၊ ဒေသစံတော်ချိန် ည သန်းခေါင်ယံ(ဂရင်းနစ်စံတော်ချိန် အောက်တိုဘာလ ၁ ရက် နံနက် ၄ နာရီ) မှ စပြီး အမေရိကန်အစိုးရ၏ လုပ်ငန်းတချို့ကို ရပ်ဆိုင်းခဲ့သည့်အပြင် သိန်းနှင့်ချီသည့် အစိုးရအလုပ်သမားများ၏ လစာများကိုလည်း လနှင့်ချီ စံချိန်တင် ဆိုင်းငံ့ခဲ့သည်။ ထိုသို့ ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးသည့် ကြားကာလတွင် Facebook ပို့စ်တင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အောက်တိုဘာ ၁ ရက်တွင် ပို့စ်တင်ခဲ့ပြီးနောက် ငွေကြေးပြတ်တောက်နေသော အမေရိကန်သံရုံးကို ငွေကြေးထောက်ပံ့လိုကြောင်း ဝိုင်းဝန်းလှောင်ပြောင်မှုများ ရှိခဲ့သည်။
ထိုသို့ ကြေညာအပြီး လေးလကျော်အကြာ ယခု အမေရိကန်သံရုံး၏ ဘတ်ဂျက်ပြတ်တောက်မှုကြောင့် လုပ်ငန်းများပုံမှန်မလည်ပတ်နိုင်ကြောင်း ပို့စ်အောက်တွင်လည်း ငွေကြေးကူညီထောက်ပံ့လိုကြောင်း ဝိုင်းဝန်းလှောင်ပြောင်နေသူအများအပြားရှိနေသည်။
