




၂.၂.၂၀၂၆
Written by Thiri
အသက် နှစ်နစ်ခွဲအရွယ် ယောကျ်ားလေးတစ်ဦးကို ယာဉ်တိုက်ပြေးသွားတဲ့အတွက် ကလေးမှာ ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးကုသမှု ခံယူနေရတဲ့ဖြစ်စဉ် မနေ့က ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်မြို့ ၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၃) ရပ်ကွက်ရှိ Max စက်သုံးဆီဆိုင်ရှေ့မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ရွှေဥက္ကလာ လူမှုကူညီရေး အသင်းထံကနေ သိရှိရပါတယ်။
ဖြစ်စဉ်က အဆိုပါ ဆီဆိုင်ရဲ့ လမ်းဘေး မြက်ခြောက်တွေရှိနေတဲ့နေရာမှာ ကလေးငယ်တစ်ဦး ဒဏ်ရာကြီးနဲ့ သေတယ် ရှင်တယ်မသိရတဲ့ အခြေအနေဖြစ်နေပြီး မိဘ၊ အုပ်ထိန်းသူလည်း မတွေ့ရှိရဘူးလို့ဆိုကာ ကလေးကိုတွေ့ရှိတဲ့ ပြည်သူတစ်ဦးက လူမှုကူညီရေးအသင်းထံ အကြောင်းလာတာကြောင့် ရွှေဥက္ကလာ လူမှုကူညီရေးအသင်းက ထွက်ခွာကူညီခဲ့တယ်လို့ သိရပါတယ်။
ရွှေဥက္ကလာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက”ကျွန်တော်တို့ ရောက်တော့ မနက် ၇ နာရီလောက်။ ကလေးက သွေးတောင်ခြောက်နေပြီ။ ဒါပေမယ့် အသက်ရှိသေးတယ်။ ကလေးမိဘတွေတော့ မတွေ့ဘူး။ သူတို့က အိမ်ခြေမဲ့ တောင်းရမ်းသူတွေ ထင်တယ်။ မြေပြင်မှာ ပြုစုပြီး မြောက်ဥက္ကလာဆေးရုံ ပို့ပေးခဲ့တယ်။ လူနာရှင်လုပ်ပြီး မနေ့က တစ်နေ့လုံး ပိုင်ရှင်စောင့်ပေမယ့် မလာဘူး။ ညဘက်မှ အမေဖြစ်သူ ရောက်လာတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ကလေးငယ် ရရှိထားတဲ့ ဒဏ်ရာတွေက တင်ပါးအရိုးကျိုး၊ အရေပြားလန်တဲ့ ဒဏ်ရာတွေ ရရှိထားကာ ဆေးရုံက အသက်ရှင်ဖို့ ၂၀ ရာခိုင်နှုန်းလို့ ခန့်မှန်းထားပေမယ့် ခွဲစိတ်ကုသပြီး ဒီနေ့ ဖေဖော်ဝါရီလ၂ ရက်နေ့မှာ ရွှေဥက္ကလာလူမှုကူညီရေးအသင်းက ထပ်မံသွားရောက် ငွေကြေးကူညီချိန် အထိ ကလေးက အသက်ရှင်နေတာကြောင့် ဆက်လက် ကုသနိုင်ရေး ဆောင်ရွက်ကူညီပေးနေတယ်လို့လည်း သိရပါတယ်။
အခုအခါ ယာဉ်တိုက်ခံရတဲ့ကလေးငယ်အတွက် ကလေးအာဟာရနဲ့ ဆေးကုသစရိတ်ငွေကြေးတချို့လည်း လိုအပ်နေပြီး ရွှေဥက္ကလာ လူမှုကူညီရေးအသင်းနဲ့ ချိတ်ဆက်ကာ ကိုယ်တိုင်လိုက်ပါလှူဒါန်းကူညီနိုင်တယ်လို့လည်း အသိပေးထားပါတယ်။
