



၂.၂.၂၀၂၆.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ခွန်ကိန်းပြည်နယ်၊ ခရာနျွမ်ခရိုင်ရှိ ရေနံသိုလှောင်ရာ ဝင်းအတွင်း ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နံနက်က ဆီတင်ကားလေးစီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းတစ်ဦးသေဆုံးခဲ့ပြီး ခရာနျွမ်ခရိုင်ရှိ ကျောင်းတစ်ကျောင်းကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။
နွန်ကိုမြို့က Nattapol Trucks and Oil Co မှ လည်ပတ်နေတဲ့ ရေနံဂိုဒေါင်မှာ နံနက် ၉ နာရီခန့်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ အဆိုပါ ရေနံသိုလှောင်ရုံက PTT ဓာတ်ဆီဆိုင်နဲ့ ဆရီခရာနွမ် ဝစ်တာရာကွမ်မ် (Srikranuanwittayakom) ကျောင်းအနီးမှာ ရှိတာပါ။
နမ်ဖွန်လေတပ်စခန်းနဲ့ မြောင်ခရိုင်ရှိ ဒေသခံဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးရုံးတို့မှ မီးသတ်အဖွဲ့တွေကို အခင်းဖြစ်ပွားရာနေရာကို စေလွှတ်ခဲ့ပြီး မီးငြှိမ်းသတ်ဆေးဖျန်းသည့်အမြှုပ်တွေကို အသုံးပြု မီးငြှိမ်းသတ်ခဲ့ကြပါတယ်။
ခွန်ကိန်းပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူး ကာရွမ် ကမ်ပီတွန်က လောင်စာဆီတင်ကားလေးစီး ပျက်စီးသွားခဲ့တာမှာ တစ်စီးက ဆီအပြည့်တင်ဆောင်ထားပြီး ကျန်ကားတွေမှာတော့ လောင်စာဆီ မပါရှိဘူးလို့ ပြောခဲ့ပါတယ်။
ကနဦးစုံစမ်းစစ်ဆေးမှုအရ မီးလောင်မှုက ဆီအပြည့်တင်ဆောင်ထားတဲ့ကားအနီးမှာ ရပ်ထားတဲ့ ဆီတင်ဆောင်မထားတဲ့ ဗလာထရပ်ကားနှစ်စီးအနက် တစ်စီးမှ လျှပ်စစ်မီးပွားတွေပွင့်ထွက်ကာ စတင် လောင်ကျွမ်းခဲ့တာလို့ဆိုပါတယ်။ မီးလောင်မှုမှာပျက်စီးဆုံးရှုံးမှုတန်ဖိုးက ဘတ် ၈ သန်းခန့်ရှိမယ်လို့ ခန့်မှန်းရပါတယ်။
ဆီတင်ကားမောင်းသူတစ်ဦးကိုတော့ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။ ထိုသူက ဥဒုံသာနီပြည်နယ်မှ အသက် ၅၄ နှစ်အရွယ် အနွန့် ရွိုင်ကမ်လူး (Anont Roikamlue) လို့ သိရပါတယ်။
မီးက ပြင်းထန်စွာလောင်ကျွမ်းနေလို့ အနီးရှိ ကျောင်းသား ၂,၈၅၀ ဦးရှိတဲ့ ဆရီခရာနွမ် ဝစ်တာရာ ကွမ်မ် အလယ်တန်းကျောင်းမှ ကျောင်းသူကျောင်းသားတွေကို ရွှေ့ပြောင်းကယ်ဆယ်ခဲ့ရပါတယ်။ မီးငြိမ်းသွားပြီးနောက် ကျောင်းကိုပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် မိဘတချို့က သူတို့ရဲ့ကလေးတွေကို မီးစတင်လောင်ကျွမ်းတာနဲ့ကို ချက်ချင်းအိမ်ကိုပြန်ခေါ်သွားခဲ့ကြပါပြီ။
ခွန်ကိန်းပြည်နယ်အတွင်းရှိ ရေနံသိုလှောင်ရုံတွေနဲ့ ရေနံတင်ကားအားလုံးရဲ့ ဘေးကင်းရေးအစီအမံတွေကို တင်းကျပ်စွာစစ်ဆေးဖို့ မစ္စတာ ကာရွမ်က အမိန့်ပေးခဲ့ပါတယ်၊
ခရာနျွမ် ခရိုင်အုပ်ချုပ်ရေးမှူး ဆပ်ကွမ် ဒိုလ်ဆိုပွန် Sukkom Dolsopon က ရေနံသိုလှောင်ရုံရှိ အလုပ်သမားတစ်ဦးက ရေနံတိုင်ကီအဖုံးကို ဖွင့်လိုက်ရာက အငွေ့များထွက်လာပြီး မီးပွားတစ်ခု ဖြစ်ပေါ်စေခဲ့ကာ မီစတင်လောင်တာဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
မီးလောင်မှုရဲ့ တိကျတဲ့အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲလို့ သိရပါတယ်။
Ref- Bangkok Post
