နေမိုး
၃၀. ၁. ၂၀၂၆
နေထိုင်ရာကျေးရွာဆီသို့ ခြေလျင်ပြန်လာသည့် လက်နက်မဲ့ရာအိမ်မှူးအား တောင်တွင်းကြီး PDF လေးဦးက ပစ်သတ်လိုက်မှု ယမန်နေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ငှက်ပြောတောကျေးရွာနေ ရာအိမ်မှူး ဦးကျော်စိုး (၆၂)နှစ်သည် အောင်ခိုင်ကျေးရွာမှ ငှက်ပြောတောကျေးရွာသို့ ခြေလျင်ပြန်လာစဉ် ငှက်ပြောတော ကျေးရွာအနီးအရောက်၌ PDF လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်စိုးတွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀၀ အထက် သေဆုံးဒဏ်ရာရမှု ဖြစ်ပွားထားသည်။
