




၂.၂.၂၀၂၆
Written by Linn Eain
(၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့(ရန်ကုန်) အခမ်းအနားကို ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုသားဇာတ်ရုံတွင် ဖေဖော်ဝါရီ ၂ ရက်၊ နေ့လယ် ၁ နာရီတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီးနောက် အခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မွန်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာအကြောင်း နှင့် မွန်ရိုးရာယဉ်ကျေးမှု အနုသုခုမဆိုင်ရာအကြောင်းတို့ကို တင်ပြခဲ့ပြီး မွန်ရိုးရာ အနုသုခုမဆိုင်ရာ အဆို၊အက၊ အတီး၊ အမှုတ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)မှ ဥက္ကဋ္ဌ ဒေါက်တာမင်းခင်စိန်က “သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ မွန်လူမျိုးတို့ဟာ တစ်ချိန်တုန်းက စာပေယဉ်ကျေးမှုအဆင့် အတန်းမြင့်မားမှုရှိခဲ့တယ်ဆိုတာကို ကျေနပ်မနေဘဲ ယခုပစ္စုပ္ပန်နှင့် အနာဂတ်ကာလတွေမှာ မိမိတို့ရဲ့ စာပေယဉ်ကျေးမှု မည်သို့ မြင့်မားအောင် လုပ်ဆောင်ရမလဲဆိုတာကို ဦးစားပေး စဉ်းစားသင့်တယ်လို့ တင်ပြချင်ပါတယ်။ စာပေယဉ်ကျေးမှုဟာ လူမျိုးရဲ့အသက်သွေးကြောပမာ အဓိကအရေးကြီးတာမို့ စာပေယဉ်ကျေးမှု မှေးမှိန်တိမ်ကောပပျောက်သွားရင် လူမျိုးပျောက်ကွယ်သွားနိုင်တယ်ဆိုတဲ့ သာဓကကို ရင်ဝယ်ပိုက်ပြီး မိမိလူမျိုးရဲ့စာပေယဉ်ကျေးမှု ရိုးရာဓလေ့ ထုံးတမ်းများ အစဉ်ထာဝရရှင်သန်ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ကြပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်ပါတယ်”ဟု အဆိုပါအခမ်းနားတွင် ပြောကြားခဲ့သည်။
ထိုသို့မွန်ရိုးရာ အနုသုခုမဆိုင်ရာဖျော်ဖြေမှုကို တက္ကသိုလ်ပေါင်းစုံမှ မွန်ယဉ်ကျေးမှုအဖွဲ့များ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၊ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)မှ အဖွဲ့ဝင်များ စုစုပေါင်း ဦးရေ ၃၀၀ ခန့်ဖြင့် ကပြတင်ဆက်ခဲ့ကြောင်း သိရသည်။
မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ(ရန်ကုန်)ကို ၁၉၇၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ ၅၄ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
မွန်အမျိုးသားနေ့သည် ဟံသာ၀တီနိုင်ငံတော်ထူထောင်သည့်နေ့ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပြီး ၁၉၄၇ တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
