နေမိုး
၂. ၂. ၂၀၂၆
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက် ရှိရာ ယခုလည်း မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ PDF များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ကလေးငယ် တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် ည ၇ နာရီတွင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် ကလေးငယ် တစ်ဦး ရောက်ရှိလာပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ငှက်ပျောတွင်းကျေးရွာအနီးသို့ PDF များက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မောင်ပြည့်စုံဟိန်း(၁၁)နှစ်တွင် ဗုံးသီး ပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုပေးနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာ များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ ရှော့တိုက်ဒုံးများ၊ Drop Bomb များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများအား ဒေသခံပြည်သူများက လုံးဝ လက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
