
၂.၂.၂၀၂၆.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ နခွန်ရတ်ချာစီးမားပြည်နယ်ရှိ ခေါင်ယိုင်အမျိုးသားဥယျာဉ်အတွင်း စခန်းချရာနေရာတစ်ခုအနီးမှာ လေ့ကျင့်ခန်းလုပ်နေတဲ့ ခရီးသွားတစ်ဦးဟာ တောဆင်ရိုင်းတစ်ကောင်ကြောင့် သေဆုံးခဲ့ရမှုတစ်ရပ် ဖေဖော်ဝါရီလ ၂ ရက် နံနက်က ဖြစ်ပွားခဲ့ပါတယ်။
ဥယျာဉ်စောင့်တစ်ဦးက ဆင်ဟာ ယိုင်ထိုးနေပြီး ယခင်ကလည်း ဒေသခံနှစ်ဦးကို သတ်ခဲ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။


တိုက်ခိုက်မှုက နံနက် ၅:၃၀ နာရီခန့်မှာ ဝမ်နမ်ခီအိုခရိုင်၊ ဝမ်မီးတမ်ဘွန်မြို့ရှိ ခိုယော ၄ (ခလောင် ပလာကန်) အမျိုးသားဥယျာဉ် ထိန်းသိမ်းရေးဌာန စခန်းချရာနေရာမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
စခန်းချနေတုန်း ကံဆိုးစွာတိုက်ခိုက်ခံရသူက လော့ပ်ဘူရီပြည်နယ်၊ မြောင်ခရိုင်မှ ဂျီရာသာချိုင်း ဂျီရာဖတ်ဘွန်ယာသွန် လို့ သိရပါတယ်။
မျက်မြင်တွေ့ရှိသူတွေက အသက် ၆၉ နှစ်အရွယ် အမျိုးသားဟာ နေမထွက်ခင် တစ်နာရီလောက်မှာ သူ့ရဲ့တဲအနီးမှာ လေ့ကျင့်ခန်းလုပ်နေတုန်း သူ့ရဲ့တောနယ်နိမိတ်အပြင်ဘက်မှာ အစာစားနေတဲ့ တောဆင်ထီး ဖလိုင်းအိုဝမ်နဲ့ တွေ့ဆုံခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
ဆင်ထီးက အမျိုးသားထံကို အပြေးအလွှားသွားပြီး နှာမောင်းဖြင့် ဆွဲကာ မြေပြင်ပေါ်သို့ တွန်းချလို့ နင်းချေခဲ့တာကြောင့် သူ့ရဲ့တဲမှ မီတာ ၂၀ ခန့်အကွာမှာ ချက်ချင်းသေဆုံးခဲ့ပါတယ်။ သူ့ရဲ့ ပါးစပ်နဲ့ နှာခေါင်းမှ သွေးထွက်နေပြီး ခြေလက်တွေကျိုးကာ အခြားဒဏ်ရာများစွာ ရရှိသေဆုံးခဲ့ရတာပါ။ အခြားစခန်းချသူတွေက ကြောက်လန့်တကြားကြည့်ရှုနေကြပေမယ့် သူတို့ရဲ့လုံခြုံရေးအတွက် စိုးရိမ်ရလို့ သူတို့ရဲ့ တဲတွေကနေ ဘယ်သူမှ မထွက်ခွာရဲကြပါဘူး။
ခေါင်ယိုင် ဥယျာဉ်စောင့်တွေနဲ့ ဒေသခံရဲတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာနေရာသို့ အပြေးအလွှား ရောက်ရှိလာပြီး ဆင်ကို ခြောက်လှန့်မောင်းထုတ်ခဲ့ကြရပါတယ်။
Ref- Bangkok Post
