


၂.၂.၂၀၂၆
Written by Linn Eain
ပြည်ထောင်စုနေ့အထိမ်းအမှတ် “မြန်မာ့လက်ဖက်ပွဲတော်” ကို ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၄ ရက်အထိ လေးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့၊ စိမ်းလန်းစိုပြေဥယျာဉ်တွင် ဖေဖော်ဝါရီ ၂ ရက်၊ နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့သည့် မြန်မာ့လက်ဖက်ပွဲတော်ကျင်းပရေး မီဒီယာတွေ့ဆုံပွဲမှ သိရသည်။
ထိုပြင် မြန်မာနိုင်ငံ၏ လက်ဖက်စိုစားသုံးခြင်းဓလေ့ကို UNESCO Representative List of Intangible Cultural Heritage ( UNESCO လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်) သို့ ယခုနှစ်၊ မတ်လတွင် တင်သွင်းသွားမည်ဖြစ်ကြောင်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က အဆိုပါမီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။




“ဒီနှစ်ရဲ့ မတ်လမှာ ကျွန်မတို့က အပြီးတင်ရမှာပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ယူနက်စကို ပဲရစ်ကိုတင်ရမှာဖြစ်လို့ ခုနကကျွန်မပြောတဲ့ လက်ဖက်နဲ့ဆိုင်တဲ့အကြောင်းအရာအားလုံးကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ဝန်ကြီးဌာနကို အပြီးတင်ပို့မှာဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်ထောင်စုနေ့အထိမ်းအမှတ်လည်းဖြစ်အောင် ယူနက်စကိုတင်တဲ့အခါ အထောက်အကူလည်းဖြစ်အောင် ဒီလက်ဖက်ပွဲတော်လေးကို ဖေဖော်ဝါရီလ ၁၁ ရက်ကနေ ၁၄ ရက်အထိ လေးရက်တိုင်တိုင်ကျင်းပမှာဖြစ်ပါတယ် ” ဟု ဒေါ်စန္ဒာခင်က ပြောကြားခဲ့သည်။
“မြန်မာ့လက်ဖက်ပွဲတော်” ကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးရေး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
တောင်ပေါ်ဒေသမှ ထွက်သောလက်ဖက်စိုနှင့် မြေပြန့်ဒေသမှထွက်သော နှမ်းဆီ၊ ပဲဆီ ၊အကြော်စုံ များကို တွဲဖက်စားသုံးသောကြောင့် ပေါင်းစည်းခြင်းဟုအဓိပ္ပါယ်ရ၍ “ပြည်ထောင်စုနေ့” အထိမ်းအမှတ်ဖြစ်စေရန်နှင့် လက်ဖက်စိုစားသုံးခြင်း ယဉ်ကျေးမှုဓလေ့ကို မြန်မာနိုင်ငံသားများသာပက ကမ္ဘာ့နိုင်ငံအသီးသီးကပါ နှစ်သစ်ဖွယ်ရာအစားအစာတစ်ခုအဖြစ် သိမြင်လာစေရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထိုပြင် ၎င်းယဉ်ကျေးမှု ဓလေ့ကို UNESCO Representative List of Intangible Cultural Heritage (UNESCO လူသားမျိုးနွယ် ကိုယ်စားပြုဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်)အဖြစ် သတ်မှတ်စေရန်နှင့် မျိုးဆက်သစ်တို့ အပါအဝင် ပြည်သူတစ်ရပ်လုံးက မြန်မာ့လက်ဖက်စို စားသုံးသည့်ဓလေ့ကို ထဲထဲဝင်ဝင် ပိုမိုသိရှိနားလည်ပြီး နှစ်သက်မြတ်နိုးတန်ဖိုးထားကာဆက်လက် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်အတွက်လည်း ရည်ရွယ်ကြောင်း သိရသည်။
မြန်မာ့လက်ဖက်ပွဲတော်တွင် လက်ဖက်အမျိုးမျိုးကို တိုင်းရင်းသားပေါင်းစုံ၏ စားသုံးသည့်ဓလေ့ပုံစံမျိုးစုံကို ပြသ၊ ရောင်းချမည်ဖြစ်သလို လက်ဖက်စကားဝိုင်းလည်း ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
