၂.၂.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်နဲ့ အီရန်တို့အကြား နောက်ထပ်စစ်ပွဲတစ်ရပ် ဖြစ်လာလေမလား စိုးရိမ်မှုတွေ မြင့်တက်လာနေချိန်မှာပဲ တင်းမာမှုတွေကို အဆုံးသတ်ဖို့ သဘောတူညီချက်တစ်ရပ်ရရှိရေး ညှိနှိုင်းမှုတွေ ပြုလုပ်ကြဖို့ အသင့်ဖြစ်နေတယ်လို့ နှစ်ဖက်စလုံးက အပြန်အလှန် အသိပေးခဲ့ကြတယ်လို့ ဖေဖော်ဝါရီလ ၂ ရက်မှာ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက Axios သတင်းဌာနကို ဖေဖော်ဝါရီလ ၁ ရက်က ပြောကြားရာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့သည် ယခုအပတ်အတွင်း ထိုကဲ့သို့သော ညှိနှိုင်းဆွေးနွေးပွဲတွေ ကျင်းပဖို့ အသင့်ရှိတယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
သတင်းအရ တူရကီ၊ အီဂျစ်နဲ့ ကာတာနိုင်ငံတို့က အိမ်ဖြူတော် အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နဲ့ အီရန်အရာရှိတွေအကြား အခုအပတ်အတွင်းမှာ တူရကီနိုင်ငံ၊ မြို့တော် အန်ကာရာမှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အမေရိကန်အရာရှိတွေက ထရမ့်ပ်ရဲ့ သဘောတူညီချက်တစ်ရပ်ရရှိရေးပြောကြားတောင်းဆိုတဲ့ မှတ်ချက်တွေက ရိုးသားပြီး စစ်ဘက်စစ်ဆင်ရေးတစ်ခုမတိုင်မီ လှည့်စားမှုတစ်ခုလည်းမဟုတ်ပါဘူးလို့ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အမေရိကန်က မကြာသေးမီက အရှေ့အလယ်ပိုင်းမှာ သူ့ရဲ့တပ်ဖွဲ့တွေကို တည်ဆောက်ခဲ့ပြီး ထရမ့်ပ်က ကြီးမားသော ရေတပ် အဖြစ် ပုံဖော်ခဲ့ပါတယ်။
သမ္မတ ထရမ့်ပ်က ဖေဖော်ဝါရီလ ၁ ရက်မှာ သတင်းထောက်တွေနဲ့ စကားပြောဆိုရာမှာ ညှိနှိုင်းမှု ဖြစ်နိုင်ခြေကို ချီးကျူးခဲ့ပါတယ်။ ထရမ့်ပ်က အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ ဒေသတွင်းစစ်ပွဲတစ်ခု ဖြစ်ပွားစေနိုင်တယ်လို့ အီရန်ရဲ့ ဘာသာရေး အထွတ်အထိပ်ခေါင်းဆောင် အလီခါမေနီရဲ့ ဖေဖော်ဝါရီ လ ၁ ရက် အစောပိုင်းက သတိပေးချက်ကို တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘားစ် အရပ်ဖ်ချီကလည်း သူ့နိုင်ငံဟာ နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန်နဲ့ သဘောတူညီချက်တစ်ခု ရရှိနိုင်မယ်လို့ ယုံကြည်တယ်ဆိုတာ CNN သတင်းဌာနကို ဖေဖော်ဝါရီလ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
Ref- Times of Israel


