နေမိုး
၂. ၂. ၂၀၂၆
မင်းဘူး PDF များက မူလတန်းပြ ကျောင်းဆရာတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်၍ ကျေးရွာရှိ လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဉ်တစ်စီးအား လုယက်ယူဆောင်သွားမှု မင်းဘူးမြို့နယ်၊ ကျွန်းပြားကျေးရွာတွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီ ၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကျွန်းပြားကျေးရွာအနီး၌ အမျိုးသားတစ်ဦးအား ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇန်နဝါရီ ၃၁ ရက် ည ၈ နာရီတွင် အဆိုပါကျေးရွာသို့ PDF ၁၀ ဦးက ဆိုင်ကယ်ငါးစီးဖြင့် ရောက်ရှိလာပြီး ကျေးရွာ၌နေထိုင်သူ ကျွန်းပြားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ မူလတန်းပြကျောင်းဆရာ ဦးမြင့်ဌေး (၅၅) နှစ်အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်ကာ ကျေးရွာရှိ “မေတ္တာရောင်ပြန်” လူမှုကူညီရေးအသင်းမှ ဝယ်ယူထားသော 5G-XXXX HILUX DOUBLE CAB AMBULANCE အဖြူရောင်မော်တော်ယာဉ်အား လုယက်ယူဆောင်သွားခဲ့ပြီး ကျွန်းပြားကျေးရွာအနောက်ဘက် လေးဖာလုံခန့်အကွာ ယာခင်းအတွင်း ဦးမြင့်ဌေးအား ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀၀ အထက် သေဆုံးဒဏ်ရာရမှု ဖြစ်ပွားထားသည်။
