◾️ အိမ်သုံးမီတာခများ ပြောင်းလဲမှုမရှိဘဲ ယခင်နှုန်းထားအတိုင်းသာဖြစ်ပြီး ယခင်စက်မှုလုပ်ငန်းများ သုံးစွဲခဲ့သည့် ဓာတ်အားများကို ပြည်သူလူထုမှ ပိုမိုသုံးစွဲနိုင်မည်ဟုပါ ပြောကြား
၂. ၂. ၂၀၂၆
Written by Nyein Kyaw
လက်ရှိအချိန်တွင် တစ်ရက်လျှင် စုစုပေါင်းလျှပ်စစ်ဓာတ်အား ၃၄၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်ရရှိနေပြီဖြစ်၍ အလှည့်ကျစနစ်ဖြင့်ပေးခြင်းကို ရပ်ဆိုင်းကာ တတ်နိုင်သမျှ အချိန်ပြည့် ဓာတ်အားဖြန့်ဖြူးခြင်းကို ဆောင်ရွက်ပေးနေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားသည်။
ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးမှူးများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဓာတ်အားထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ရာ ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံစီမံကိန်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှစ၍ ၎င်းစက်ရုံမှ ဓာတ်အား မဂ္ဂါဝပ် ၅၀၀ ကို စတင်ဖြည့်တင်း ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ကြောင့် ယခုအခါ တစ်ရက်လျှင် စုစုပေါင်း ၃၄၀၀ မဂ္ဂါဝပ်(၆၀၀၀၀ မဂ္ဂါဝပ် နာရီ)အထိ ထုတ်လုပ်ရရှိနေပြီဖြစ်ရာ ဝန်အားမျှဝေ၍ အလှည့်ကျစနစ်ဖြင့်ပေးခြင်းကို ရပ်ဆိုင်းကာ တတ်နိုင်သမျှ အချိန်ပြည့် ဓာတ်အားဖြန့်ဖြူးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
လျှပ်စစ်ဓာတ်အားပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတွင် တည်ငြိမ်ပြည့်ဝသည့် ဓာတ်အားစနစ်ရရှိရေးတို့ကို ဟန်ချက်ညီ တိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်မှုများအပေါ် အားလုံးတက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ခွဲဝေရရှိသည့် ဘဏ္ဍာငွေကို စနစ်တကျ စိစစ်သုံးစွဲ၍ ဘဏ္ဍာရေးနှစ်အတွင်း သတ်မှတ်သည့်လုပ်ငန်းများ ပြီးပြတ်စေရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားခပြောင်းလဲမှုများတွင် ပြည်သူလူထုသုံးစွဲနေသော အိမ်သုံးမီတာခများအနေဖြင့် ပြောင်းလဲမှုမရှိဘဲ ယခင်နှုန်းထားအတိုင်းသာဖြစ်ပြီး ယခင်စက်မှုလုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အားများကို ပြည်သူလူထုမှ ပိုမိုသုံးစွဲနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့အပြင် ဓာတ်အားခကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး၊ အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေးနှင့် ဓာတ်အားခကြွေးကျန်များကို ရာနှုန်းပြည့် ကောက်ခံရရှိရေး တွန်းအားပေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။




