၁၄.၁၁.၂၀၂၅
Written By Thandar
ဦးဝင်းကို၊ ဒေါ်စန်းစန်းဝင်းတိုရဲ့ သားငယ် မောင်သူရကို (ခ) ဟိန်းဝေယံနဲ့ ဦးစိုးနိုင်၊ ဒေါ်မာလာခင်တို့ရဲ့ သမီးငယ် မစိုးပြည့်သဇင် တို့ကို မိဘတို့ ဝတ္တရားရှိတဲ့အတိုင်း “စုလျားရစ်ပတ် ဘိသိက်မင်္ဂလာပွဲ” အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၁၄ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ Novotel Yangon Max Hotel (Yangon Ballroom) မှာ ကျင်းပခဲ့ပါတယ်။





“သားငယ်နဲ့ စိုးပြည့်တို့က ညီတွေ ညီမတွေပေါ့။ စိုးပြည့်ကိုယ်တိုင်ကလည်း ဖုန်းဆက်တယ်။ အစ်ကိုရယ် လာခဲ့ပေးပါဆိုတာနဲ့ မှတ်မှတ်ရရရောက်အောင် တက်ရောက် ချီးမြှင့်ဖြစ်တာပါ။ အရမ်းချစ်ဖို့ကောင်းတယ်။ လိုက်ဖက်ကြပါတယ်။ သားငယ်က ရိုးတယ်။ ချစ်စရာလည်း ကောင်းတယ်။ အစ်ကိုနဲ့က သားငယ်နဲ့ကတော့ ဇာတ်ကားရိုက်တာတော့ မဆုံဖြစ်ခဲ့ပါဘူး။ စိုးပြည့်နဲ့ပဲဆုံဖြစ်ခဲ့ကြတာပါ။ သက်ဆုံးတိုင် ရွှေလက်တွဲခိုင်မြဲကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်”လို့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းက ပြောပါတယ်။






အဆိုပါ အခမ်းအနားမှာ သရုပ်ဆောင် မေမြင့်မိုရ်က လက်ထပ်လက်စွပ်ကို ကိုင်ဆောင်ခဲ့ပြီး အေးချမ်း မောင်က မင်္ဂလာပန်းကုံးတို့ကို ကိုင်ဆောင်ပေးခဲ့ပါတယ်။ ဒါ့ပြင် အောင်ရဲလင်း၊ အလင်းရောင်၊ တိုင်ရွန်၊ ထက်အောင်ရှိုင်း၊ ရှိန်းတင်ထူး၊ နော်ဖောအယ်ထား၊ Ella ရွှေစင်၊ ခြူးလေး၊ ရတနာဗို၊ ဝေလာရီ စတဲ့သူတွေက သတို့သား၊ သတို့သမီးအရံတွေ လုပ်ဆောင်ပေးခဲ့ကြပါတယ်။
ဒါ့ပြင် နှစ်ဖက်သောမိဘတွေ၊ မိတ်ဆွေ
အပေါင်းအသင်းတွေနဲ့ အနုပညာမောင်နှမများစွာဖြစ်တဲ့ အကယ်ဒမီများရှင် ရန်အောင်၊ ဇာတ်ညွှန်း မိုးနီလွင်၊ အကယ်ဒမီများရှင် မေသန်းနု၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ ပိုင်ဇေရဲထွန်းနဲ့ ဇင်သဲနိုင်၊ ကိုမျိုးကျော်နဲ့ အဆိုတော်ရတနာမိုင်၊ ဒါရိုက်တာ အာကာစိုးဦးနဲ့ သရုပ်ဆောင် လီလီကျော်ခိုင်၊ သရုပ်ဆောင် နေထူးနိုင်နဲ့ ဇနီး၊ သရုပ်ဆောင်စိုးမိုးကြည်၊ ချယ်ရီသင်း၊ ရွှေလဝန်း(ဒီဇိုင်နာ) စတဲ့သူတွေများစွာ တက်ရောက် အားပေးခဲ့ကြပါတယ်။






ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ရဲ့ Dinner Party ပွဲအခမ်းအနားကို မနက်ဖြန် နိုဝင်ဘာ ၁၅ ရက် ညနေပိုင်း မှာ ရန်ကုန်မြို့၊ ချတ်ထရီယံဟိုတယ်မှာ ဆက်လက်ကျင်းပသွားမှာလည်းဖြစ်ပါတယ်။
